သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမက စစ်ကောင်စီတပ်သားတဦး ဇန်နဝါရီ ၂၁ ရက်မှာ ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း ၂၂ က တပ်ရင်းမှူးဆီက သိရပါတယ်။
ဇန်နဝါရီ ၂၁ ရက် မနက် ၇ နာရီမှာ မုံရွာမြို့တော်ခန်းမမှာ အစောင့်တာဝန်ကျနေတဲ့ စစ်မှုထမ်းသင်တန်းဆင်း ကိုပြည့်ဖြိုးအောင် ၃၃ နှစ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ ဆက်သွယ်လာတာကြောင့် နေ့လယ် ၁၂ နာရီလောက်မှာ သွားရောက်ခေါ်ယူခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့ကို လှမ်းဆက်သွယ်တာတော့ အဲ့နေ့မနက်ခင်းကပါပဲ သွားခေါ်တာ၊ မြို့ထဲထိသွားရတာဆိုတော့ နည်းနည်းလေးတော့ အန္တရာယ်ရှိတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ အထောက်တွေနဲ့ သေချာချပြီးတော့သွားတာပေါ့လေ။ သူ့ရဲ့လှုပ်ရှားမှုကိုလည်း ကျနော်တို့ အဆင့်ဆင့်စောင့်ပြီးမှခေါ်လာရတာ။” လို့ မုံရွာခရိုင်တပ်ရင်း ၂၂ က တပ်ရင်းမှူးနတ်ဆိုးက ပြောပါတယ်။
ကိုပြည့်ဖိုးအောင်ဟာ ဇန်နဝါရီ ၇ ရက်က မုံရွာခရိုင် တပ်ရင်း ၂၂ ဆီ ဘက်ပြောင်းခိုလှုံခဲ့သူ ကိုအောင်မြင့်မြတ်ရဲ့ ချိတ်ဆက်ပေးမှုနဲ့အတူ ကာကွယ်ရေးတပ်ဖွဲ့တွေဆီ ဆက်သွယ်ခိုလှုံခဲ့တာဖြစ်ပြီး လက်နက်ယူဆောင်လာနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ မြို့တော်ခန်းမမှာ ကင်းစောင့်ရတဲ့သူတွေကို ကင်းစောင့်ချိန်မှသာ လက်နက်ပေးကိုင်ဆောင်ပြီး တာဝန်ပြီးချိန်မှာတော့ ပေးထားတဲ့လက်နက်တွေကို ပြန်လည်သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
“သေနတ်က မြို့ထဲခန်းမထဲပြန်ရောက်ပြီဆိုတာနဲ့ သိမ်းထားတယ်။ ကျနော်တို့က ယူခဲ့ဖို့ပြောသေးတယ် သူကတော့ ယူဖို့အဆင်မပြေဘူးပေါ့။ ညနေခင်းဆိုသူ့ကိုရှေ့တန်းလွှတ်မယ်လို့ကြားတော့ ဒီအတိုင်းပဲထွက်လာတာ။” လို့ ကိုနတ်ဆိုးက ဆက်ပြောပါတယ်။
ကိုပြည့်ဖြိုးအောင်ဟာ ရန်ကုန်မှာနေထိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလလောက်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက လူနာစောင့်စရာရှိလို့ လာခေါ်တာကြောင့် လိုက်သွားစဉ် စစ်မှုထမ်းသင်တန်း တက်ဖို့ ပို့ဆောင်ခံခဲ့ရတာပါ။
စစ်မှုထမ်းသင်တန်း အပတ်စဉ် ၅ အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးကျောင်း(ဂျိုးဖြူ)ကို ပို့ဆောင်ခံရပြီး သင်တန်း ၃ လတက်ခဲ့ရကာ အဲ့ဒီကနေ စစ်ကိုင်းတပ်မ ၃၃ ကိုရောက်ရှိပြီး ၁ ပတ်လောက် တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။
စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာမြို့တော်ခန်းမကိုထပ်မံပို့ဆောင်ခံရပြီး တာဝန်ထမ်းဆောင်ချိန် ၁ လ လောက်ကြာပြီးချိန်မှာ ကာကွယ်ရေးတပ်တွေနဲ့ အဆက်အသွယ်ရကာ ဘက်ပြောင်းခိုလှုံခဲ့တာဖြစ်ပါတယ်။
ကိုပြည့်ဖြိုးအောင်ကို မုံရွာခရိုင်တပ်ရင်း ၂၂ က အဲ့ဒီနေ့ညမှာပဲ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးထံ လွှဲပြောင်းပေးခဲ့တာကြောင့် မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လာရောက်ခေါ်ယူသွားတယ်လို့ သိရပါတယ်။
မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ကိုပြည့်ဖြိုးအောင်ကို CDM ကော်မတီဆီ အပ်ထားပြီလို့ ပြောပါတယ်။
“ အဲဒါကျတော့ CDM ကော်မတီကို ကျနော်တို့က အပ်ထားတယ်။ အပ်ထားတယ်ဆိုတာ မုံရွာမြို့နယ် ပကဖမှာရှိတဲ့ အဖွဲ့ဝင်ထဲမှာပေါ့နော်။ အပ်ထားပြီးကျတော့ မနေ့ကတော့ မေးမြန်းမှုတွေစပြီးကျတော့ လုပ်နေတယ်ပေါ့။” လို့မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
မုံရွာခရိုင်တပ်ရင်း ၂၂ တပ်ဖွဲ့ဟာ ဇန်နဝါရီ ၇ ရက်ကလည်း မုံရွာမြို့တော်ခန်းမမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း ကိုအောင်မြင့်မြတ်ကို သွားရောက်ခေါ်ဆောင်ပေးခဲ့ပါသေးတယ် ဘက်ပြောင်းခိုလှုံလာသူ ကိုအောင်မြင့်မြတ် နဲ့ ကိုပြည့်ဖြိုးအောင်တို့ဟာ အသိမိတ်ဆွေတွေဖြစ်ကြတယ်လို့ ကိုနတ်ဆိုးက ပြောပါတယ်။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#မုံရွာ #မြို့တော်ခန်းမ #စစ်ကောင်စီတပ်သား #ဘက်ပြောင်းခိုလှုံ
Share Share Share