မုံရွာမြို့နယ် ညောင်ဖြူပင်ရွာက ရက်ရှည်စစ်ရှောင်အတွက် ဆန်၊ ဆီ ရိက္ခာတွေထောက်ပံ့ပေး

မုံရွာမြို့နယ် ညောင်ဖြူပင်ရွာက ရက်ရှည်စစ်ရှောင်အတွက် ဆန်၊ ဆီ ရိက္ခာတွေထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းပိုင်းအနီးက ရက်ရှည်စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားသောက်ကုန်တချို့ ဇန်ဝါရီ ၉ ရက်က ထောက်ပံ့ပေးခဲ့တယ်လို့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီအဖွဲ့ဆီက သိရပါတယ်။

ညောင်ဖြူပင်ရဲစခန်းမှာ စစ်တပ်က အထိုင်ချ တပ်စွဲထားတာဖြစ်လို့ နိုဝင်ဘာ ၄ ရက်က စတင်စစ်ရှောင်ရသလို နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်တွေ ရိက္ခာလိုနေတဲ့အတွက် ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

"စစ်ရှောင်ရတဲ့ ရက်ကြာလာတော့ စားဖို့ ဆန်၊ ဆီ၊ ကုန်စိမ်း လိုအပ်နေတာပါ။ သူတို့မှာ စားရေးနေရေး အခက်အခဲတွေရှိနေပါတယ်။ ကျနော်တို့ တတ်နိုင်တဲ့ဘက်က ထောက်ပံ့ပေးတာပါ" လို့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီဝင် ကိုကောင်းကောင်း ကပြောပါတယ်။

ညောင်ဖြူပင်ရွာနဲ့ ဘုဘရွာမှ စစ်ရှောင်ပြည်သူ ၃,၀၀၀ ကျော်ရှိပြီး အခုထောက်ပံ့တာက စစ်ရှောင် ၁,၅၀၀ အတွက် ၂၄ ပြည်ပါ ဆန် ၂၈ အိတ်၊ ဆီတပုံး ၁၀ ပိဿပါ ဆီ ၆ ပုံးဖြင့် စုစုပေါင်းတန်ဖိုး သိန်း ၃၀ ကျပ်ခန့်ကို ထောက်ပံ့ပေးခဲ့တာလို့ သူက ဆက်ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေကို အဓိက ထောက်ပံ့ပေးတာက ဆရာဖြိုးသီဟနဲ့ LEARN with PT သင်တန်းသူ /သင်တန်းသားများ၊ DAGONIAN စစ်ရှောင်များအတွက် အနွေးဓာတ်ကမ်ပိန်း အဖွဲ့က ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၈ ရက်ကလည်း စစ်ရှောင်ပြည်သူ ၁,၅၀၀ ကျော်အတွက် ဆန် ၁၇ အိတ်နဲ့ဆီ ၆ ပုံးကိုလည်း ထောက်ပံ့ခဲ့သေးတယ်လို့သိရပါတယ်။

ဇန်နဝါရီအစောပိုင်းကာလမှာလည်း ညောင်ဖြူပင်ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မုံရွာ-အမြင့်လမ်း နယ်မြေရှိကျေးရွာတွေကို စစ်ကြောင်းထိုးတာ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ပုံစာ - ဇန်နဝါရီ ၉ ရက်က စစ်ရှောင်တွေထံ ဆန်၊ ဆီထောက်ပံ့ပေးနေစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာမြို့နယ် #မုံရွာအမြင့်လမ်း #လက်နက်ကြီးပစ်ခတ် #ရက်ရှည်စစ်ရှောင် #ရိက္ခာလိုအပ် #ထောက်ပံ့ကူညီ #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10