မုံရွာမှ  ကာကွယ်ရေးရဲဘော် ၄ ဦးနဲ့ ဒေသခံ ၁ ဦး အသတ်ခံရ

မုံရွာမှ  ကာကွယ်ရေးရဲဘော် ၄ ဦးနဲ့ ဒေသခံ ၁ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ဒေသကာကွယ်ရေးရဲဘော် ၄ ဦးနဲ့ ပြည်သူ ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက သတ်ဖြတ်သွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇူလိုင် ၂၁ ရက် မနေ့ မနက် ၁၁ နာရီကျော်အချိန်က တောပု(ပျူရွာ)ကနေ ရိက္ခာဝယ်ဖို့ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့နဲ့  ဆိုင်ကယ်မောင်းနှင်လာတဲ့ ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးနဲ့ ဒေသခံ ၁ ဦးတို့  ပုရစ် ကုန်းရွာအနီးအရောက်မှာ တွေ့ဆုံရာမှာ စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့လို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ ဆက်လက်ထွက်ခွာလာချိန် ကူတောပုလ္လင်ရွာထိပ်မှာ ပွိုင့်စောင့်နေတဲ့ ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး ထပ်မံ ဖမ်းဆီးခံခဲ့ရပြီး စွမ်းရည်ထက်ဆီဆိုင်အနီးမှာ သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

“ သူတို့အဖွဲ့က ပျူရွာကနေ အိမ်စီးကား၊ ဆိုင်ကယ်တွေနဲ့ လာတာ။ ဆိုင်ကယ်နဲ့ အသတ်ခံလိုက်ရတဲ့ ၂ ယောက်ထဲက တယောက်က ဆာမူရိုင်း Localအဖွဲ့ဝင်တဦးနဲ့ ပြည်သူတဦးပါ။ နောက်ထပ် ၃ ယောက် ကတော့ CHU PDF အဖွဲ့က ရဲဘော်တုတ်ပေါနဲ့ ကူတောပုလ္လင် ပကဖ ၂ ဦးပါ ”လို့ ကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

အသတ်ခံရသူ ၅ ဦးထဲက ဆိုင်ကယ်စီးကာကွယ်ရေးအဖွဲ့ဝင်တဦး နဲ့ ပြည်သူတဦးရဲ့ ရုပ်အလောင်းသာ ပြန်လည်ရရှိထားပြီး ကျန် ၃ ဦးရဲ့ရုပ်အလောင်းကိုတော့ ပြန်လည်ရရှိခြင်းမရှိသေးဘူးလို့လည်း သူကဆက်ပြောပါတယ်။  

“ကျန် ၃ ယောက်ရဲ့အလောင်းကိုတော့ စွမ်းရည်ထက်ဆီဆိုင်နားမှာ ရှိနေတုန်းပါ။ အလောင်းတွေတော့ ပြန်မရသေးဘူး။ အဲဒီရဲဘော်တွေဆီကနေ သေနတ်အတိုတလက် ရသွားတယ်လို့ကြားတယ်။ သူတို့တွေက အိမ်စီးကားနဲ့လာတော့ ရဲဘော်လေးတွေကလည်း ပြည်သူထင်ပြီး လွှတ်ပေးလိုက်တာ အပစ်ခံလိုက်ရတာ”လို့ ဆိုပါတယ်။

ဇူလိုင် ၁၀ ရက်ကလည်း မုံရွာတောင်ဘက်အဝင် မုခ်ပေါက်ဂိတ်ကနေ စစ်ကောင်စီတပ်က လက်နက်ကြီး နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ မအူကျေးရွာက မနွယ်ဝင်း ထိမှန်သေဆုံးသွားသလို အသက် ၅ နှစ် နဲ့ ၇ နှစ်အရွယ်ကလေး ၂ ဦး နဲ့ အမျိုးသား ၁ ဦးလည်းလက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိသွားခဲ့ပါသေးတယ်။

သတင်း - နန်းခမ်း ၊ စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #PDF #တပ်ဖွဲ့ဝင် #သေဆုံး #စစ်ကောင်စီတပ် #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10