မုံရွာမှာ စစ်တပ်စစ်ကြောင်းကို PDF က တိုက်ခိုက်ပြီး စစ်သား ၁ လောင်းနဲ့ လက်နက်၊ ခဲယမ်း သိမ်းဆည်းရရှိ

မုံရွာမှာ စစ်တပ်စစ်ကြောင်းကို PDF က တိုက်ခိုက်ပြီး စစ်သား ၁ လောင်းနဲ့ လက်နက်၊ ခဲယမ်း သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းက စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့လို့ စစ်သားတဦးသေဆုံးအလောင်းနဲ့ MA - 1 သေနတ် တလက်အပြင် အခြားစစ်သုံးပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၃ ရက် မနေ့မနက် ၇ နာရီလောက်မှာ မုံရွာမြို့နယ်အခြေစိုက် အမှတ် ၅၀၈ အမြောက် တပ်ရင်းကနေ အင်အား ၈၀ ဦးခန့်နဲ့ ထွက်လာတဲ့စစ်ကြောင်းက နောက်ကျန်စစ်သား ၃ ဦးကို သာစည်ရွာအနီးရောက်ရှိချိန် ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“နောက်ကျန် ၃ ကောင်ကိုအပိုင်ဝင်တွယ်တာ။ အဲ့မှာ ပစ်ကြတော့ ကျန်တဲ့ ၂ ယောက်က အဝေးကနေပဲလှမ်းပစ်ပြီး ပြေးသွားတော့ တယောက်ထဲကျန်ခဲ့တာ။ အရှင်ဖမ်းမလို့ကို ပြန်ခုခံလို့ အသေဖမ်းလိုက်ရတာ “ လို့ တပ်ရင်း ၂၇၊ တပ်ခွဲ ၂ တပ်ခွဲမှူး ကိုဝင်းက မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီစစ်ကြောင်းကနေ တပ်သားအဆင့်စစ်သားအလောင်း ၁ လောင်း၊ MA -1 သေနတ် ၁ လက်၊ ၅.၅၆ မမ ကျည် ၂၀၀ ကျော်၊  ရိုင်ဖယ်တပ်အီနာဂါဗုံးသီး ၁ လုံး၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ ကျည်ဘောက် ၂ ခု၊ ကျည်ကာပြား ၊ Equipment ၁ ထည်နဲ့ ဖုန်းတလုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

နောက်ချန်စစ်ကြောင်းကို တိုက်ခိုက်ချိန် အပြန်လှန်ပစ်ခတ်မှု အနည်းငယ်သာရှိခဲ့ပြီး ပင်မစစ်ကြောင်းက သေဆုံးစစ်သားအလောင်းကို မကောက်ယူဘဲ သာစည်ရွာဘက်ကို ဆက်ထွက်သွားတာကြောင့်   ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကောင်းမွန်စွာမြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ 

 ဒီစစ်ပွဲဟာ အမုန်းတရားတွေနဲ့တိုက်နေတာမဟုတ်ဘဲ မတရားမှုတွေ၊ စနစ်ဟောင်းတွေပြင်ဖို့နဲ့ ဖိနှိပ်ခံပြည်သူလူထုအတွက် နိုင်ငံသစ်တည်ဆောက်နိုင်ဖို့တိုက်နေတာဖြစ်တဲ့အတွက် သေချာပေါက်နိုင်မယ့် ပွဲဖြစ်တာမို့ လက်မလျော့ဖို့နဲ့  အဖြစ်ဆိုးသံသရာထဲကနေလွတ်ဖို့ နောက်ဆုံးမျိုးဆက်အဖြစ် အားကုန်သုံးပြီး ရုန်းကြဖို့ တိုက်တွန်းလိုပါတယ်လို့လည်း တပ်ခွဲမှူးကိုဝင်းက ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၂၇ တပ်ခွဲ ၂ သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့၊ တိုက်တန်ကာကွယ်ရေးတပ်နဲ့  မိုးဟိန်းကာကွယ်ရေးတပ်တို့ ပူးပေါင်းခဲ့တာလို့ပြောပါတယ်။

ပြီးခဲ့တဲ့ ‌စက်တင်ဘာ ၃၀ ရက်ကလည်း သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့ဟာ မုံရွာမြို့နယ်၊ သာစည် ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အလစ်အငိုက်တိုက်ခိုက်ရာ စစ်ကောင်စီဘက် ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့တယ်လို့ သိရပါတယ်။  

ပုံစာ - သိမ်းဆည်းရမိသည့် ပစ္စည်းများနှင့် သေဆုံးစစ်သားအလောင်း။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#မုံရွာ #စစ်တပ်စစ်ကြောင်း #PDF #တိုက်ခိုက်မှု #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10