မုံရွာမှာ ဆိုင်ကယ်စီးအမျိုးသားကို စစ်ကောင်စီစစ်ကြောင်းက ပစ်သတ်

မုံရွာမှာ ဆိုင်ကယ်စီးအမျိုးသားကို စစ်ကောင်စီစစ်ကြောင်းက ပစ်သတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းရွာမှာ ဇွန် ၉ ရက် မနေ့ကမနက်ပိုင်းက ဆိုင်ကယ်စီးလာတဲ့အမျိုးသားတဦးကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၈ ရက်က လယ်ဇင်းရွာမှာညအိပ်ပြီးထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲ့ဒီရွာနဲ့တမိုင်လောက်ဝေးတဲ့ သက္ကယ်ကျင်းရွာထဲကို မနက် ၆ နာရီလောက်မှာ လက်နက်တွေပစ်ဖောက် ဝင်ရောက်လာချိန် ဆိုင်ကယ် မောင်းလာတဲ့ တောင်မာတောရွာသား အသက် ၂၇ နှစ်အရွယ် ကိုမျိုးဝင်းလတ်ကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“သူက စစ်ကြောင်းရောက်တာကိုမသိတော့ စစ်ကြောင်းနဲ့ လွတ်လောက်တယ်ထင်ပြီးသွားတာ။ ရွာထဲရောက်တော့ သူနဲ့မလှမ်းမကမ်းမှာ စစ်ကောင်စီတပ်သားတွေနဲ့တွေ့တော့ ဆိုင်ကယ်ကိုပြန်ကွေ့ပြီး မောင်းပြေးတာ အပစ်ခံလိုက်ရတယ်” လို့ သက္ကယ်ကျင်းဒေသခံတဦးက ပြောပါတယ်။

အဲဒီနောက် စစ်ကြောင်းပြန်ထွက်သွားချိန်မှ အသတ်ခံရတဲ့နေရာမှာ သေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ ကိုမျိုးဝင်းလတ်ရဲ့ ရုပ်အလောင်းကို တောင်မာတောရွာကဒေသခံတွေက ကောက်ယူပြီး နာရေးကိစ္စ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ သက္ကယ်ကျင်းရွာက နေအိမ်တွေကိုလည်း ဝင်ရောက်မွှေနှောက်ပြီး စားသောက်ကုန်ပစ္စည်းတွေကိုလည်း ယူဆောင်သွားပြီး နေ့လယ် ၁ နာရီဝန်းကျင်မှာ လယ်ဇင်းကျေးရွာထဲကို ပြန်ဝင်သွားကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

စစ်ကြောင်းဝင်ချိန်မှာ ဒေသခံတွေလည်းထွက်ပြေးခဲ့ကြရပြီး လက်ရှိအချိန်မှာတော့ ရွာထဲကိုပြန်ဝင်နေကြပြီလို့ ဆိုပါတယ်။ 

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ မအူစစ်ဆေးရေးဂိတ်က လာတာဖြစ်ပြီး ဇွန် ၈ ရက်မှာ အောင်သာရွာထဲကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး အဲဒီကနေတဆင့် လယ်ဇင်းရွာမှာ ညအိပ်စခန်းချခဲ့တာပါ။ 

မတ် ၁၄ ရက်ကလည်း စစ်ကောင်စီတပ်သားတွေဟာ သက္ကယ်ကျင်းရွာထဲကို စီးနင်းဝင်ရောက်ခဲ့ပြီး အဲဒီကျေးရွာက ပြည်သူ ၅၀ ဝန်းကျင်ကိုဖမ်းဆီးပြီး နေအိမ် ၄၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာထဲကထွက်မပြေးနိုင်တဲ့ အမျိုးသမီး ၃ ဦး နဲ့ အမျိုးသား ၁ ဦး မီးလောင် သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #ပစ်ခတ် #ဒေသခံ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10