မုံရွာမှာ နေအိမ်၂ လုံးနဲ့ လက်ဖက်ရည်ဆိုင်တဆိုင်ကို စစ်တပ်က မီးရှို့ပြီး ရဲဘော် ၃ ဦးကို ပစ်သတ်သွား

မုံရွာမှာ နေအိမ်၂ လုံးနဲ့ လက်ဖက်ရည်ဆိုင်တဆိုင်ကို စစ်တပ်က မီးရှို့ပြီး ရဲဘော် ၃ ဦးကို ပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာက နေအိမ် ၂ လုံးနဲ့ လက်ဖက်ရည်ဆိုင်တဆိုင်ကို စစ်တပ်က မီးရှို့သွားသလို ကင်းစောင့်နေတဲ့ ရဲဘော် ၃ ဦးကိုလည်း ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၁၀ ရက် မနက် ၅ နာရီလောက်မှာ မအူဂိတ်ကနေ အင်အား ၄၀ ကျော် နဲ့ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားတွေဟာ အဲဒီဂိတ် နဲ့ ၁ မိုင်လောက်ဝေးတဲ့ ထနောင်းတောရွာထဲကို လက်နက်တွေ ပစ်ဖောက်ဝင်လာချိန် ရွာမြောက်ဘက်မှာ ကင်းစောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို  ပစ်သတ်သွားသလို  CDM ကျောင်းဆရာမ ဒေါ်စန္ဒာဝင်းရဲ့ နေအိမ်အပါအဝင် ၂ လုံးကိုလည်း မီးရှို့သွားတယ်လို့ ဆိုပါတယ်။

“အသတ်ခံလိုက်ရတဲ့ ကာကွယ်ရေးအဖွဲ့က ကျနော်တို့ရွာထဲကတော့ မဟုတ်ဘူး။ သူတို့ ၃ ယောက်ထဲမှာ တယောက်ကိုတော့ ခေါင်းကိုပစ်သွားတယ်။ ကျန် ၂ ယောက်ကိုတော့ ရင်ဘတ်တွေကို ပစ်သွားတယ်။ နောက်ပြီး သူတို့ မီးရှို့ခဲ့တဲ့ ဆရာမအိမ်ကလည်း လူမနေတာကြာပြီ ဒီအတိုင်းပိတ်ထားတာ။ အခု မီးလာရှို့တော့ အဲဒီအိမ် တလုံးတည်းကို ရွေးပြီးရှို့သွားတာ ကျန်တဲ့အိမ်တလုံးက မီးကူးသွားတာ” လို့ ထနောင်းတောရွာဒေသခံတဦးက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ရွာထဲကနေ ပြန်မထွက်ခင် ဒေသခံတွေရဲ့ ဆန်တွေနဲ့ စားသောက်စရာ တွေကိုယူကာ မနက် ၈ နာရီလောက်မှာ ဓားစားခံတွေ ဖမ်းဆီးပြီး မအူဂိတ်ကို ပြန် ထွက်သွားတယ်လို့လည်း သိရပါတယ်။

“ရွာသားတချို့ကိုတော့ မအူဂိတ်အထိ ဖမ်းသွားတယ်။ ဟိုရောက်တော့ ပြန်လွှတ်ပေးခဲ့တယ်။ ရွာထဲက ဆန်အိတ်တွေကိုလည်း ထမ်းပြီးသယ်သွားကြတယ်။ ရွာထဲကို စစ်ကြောင်းမထိုးတာကြာပြီ ၂၀၂၄ ခုနှစ်မှာတော့ ပထမဆုံးပြန်ဝင်တာပဲ ” လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာထဲကပြန်ထွက်သွားချိန်မှာတော့ သေဆုံးသွားတဲ့ ရဲဘော် ၃ ဦးရဲ့ အလောင်းကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက လာရောက်သယ်ယူသွားတယ်လို့လည်း သိရပါတယ်။ 

အဲ့ဒီနောက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံ ပြည်သူတွေလည်း ကျေးရွာထဲကို ပြန်လည်ဝင်ရောက်လာခဲ့ကြပါတယ်။

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ထနောင်းတောရွာဟာ အခုလိုမီးရှို့ခံရတာ ၂ ကြိမ်တိတိရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ကလည်း နေအိမ် ၅ လုံး မီးရှို့ခံရပါသေးတယ်။ 

နေအိမ်တွေ မီးရှို့ခံလိုက်ရတဲ့ ပြည်သူတွေဟာ အဲဒီနေရာမှာပဲ တဲလေးတွေထိုးပြီး ပြန်လည်နေထိုင်ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန် ၉ ရက်ကလည်း သက္ကယ်ကျင်းရွာထဲကို ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတဦးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက သတ်သွားခဲ့ပါသေးတယ်။

အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း ၂၀၂၄ ဧပြီလကုန်အထိ စစ်ကောင်စီနဲ့ လက်အောက်အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူနေအိမ်ပေါင်း ၈၈၃၇၃ လုံးပျက်စီးခဲ့တယ်လို့ Data For Myamar က ထုတ်ပြန်ထားပါတယ်။ 

ပုံစာ-ထနောင်တောမြောက်ရွာက မီးရှို့ခံလိုက်ရတဲ့နေအိမ်တွေ။

စာတည်း −လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #ထနောင်းတောမြောက်ရွာ #မီးရှို့ #ကင်းစောင့် #မအူဂိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10