မုံရွာမှာ အမျိုးသမီးနဲ့ ကျောင်းသားလူငယ်တွေကို စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းပေး

မုံရွာမှာ အမျိုးသမီးနဲ့ ကျောင်းသားလူငယ်တွေကို စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းပေး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ထဲမှာ အမျိုးသမီးနဲ့ ကျောင်းသားလူငယ်တွေကို စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းပေးခဲ့တယ်လို့ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီသင်တန်းမှာ ကြားကာလပညာသင်ကြားနေတဲ့ CDM ဆရာ/ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်းတွေ၊ G 11၊ G 12 သင်ကြားနေတဲ့ ကျောင်းသားလူငယ်တွေပါဝင်ပြီး နိုဝင်ဘာ ၂၅ ရက်နဲ့  ၂၆ ရက်က မနက် ၉ နာရီမှ ညနေ ၃ နာရီအထိ သင်တန်းသား ၄ ဦး သင်တန်းသူ ၄၈ ဦးတို့ကို ၂ ရက်တာ သင်တန်းပေးခဲ့တာလို့ ဆိုပါတယ်။ 

လူငယ်တွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ဖို့ သင်ကြားရာမှာ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီနဲ့ အမျိုးသမီး မဟာမိတ်အင်အားစု Women Alliance Burma အဖွဲ့တို့ ပူးပေါင်းပြီး သင်ကြားပေးခဲ့ တယ်လို့ ဆိုပါတယ်။

" ဒေသတွင်းက လူငယ်တွေ၊ အမျိုးသမီးတွေစိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ဦးဆောင်တဲ့အပိုင်းတွေကို လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ပြီးတော့ လုပ်ဖြစ်ခဲ့တာပါ"လို့ သပိတ်ကော်မတီနဲ့ WAB အဖွဲ့ဝင် မမေ ကပြောပါတယ်။

အမျိုးသမီးနဲ့ လူငယ်တွေကို သင်ကြားရာမှာ ကိုယ်တိုင်ယုံကြည်မှုတည်ဆောက်တာတွေ၊ ဂျန်တာကိစ္စ၊ စုပေါင်းလုပ်ကိုင်ရာမှာ လိုအပ်တာတွေ၊ လူထုနဲ့ တွေ့ဆုံရာမှာ စိတ်ဝင်စားမှုရှိအောင်ပြောဆိုတတ်မှုနဲ့ ခေါင်းဆောင်မှုပိုင်းတွေအပြင် ကိုယ်ပိုင်စွမ်းရည်နဲ့ ရပ်ရွာလူထုအကျိုးပြုနိုင်အောင်ပါ အဓိကထားပြီး မျှဝေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

သင်တန်းတက်ရောက်သူတွေကို စကားပြောလေ့ကျင့်တာ၊ ဂိမ်းကစားတာ၊ သီချင်းဆိုတာတွေ လုပ်ခဲ့ပြီး စိတ်ပျော်ရွှင်စေဖို့နဲ့ စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

အခုလို သင်တန်းတက်ရောက်ပြီးပါက မြို့ နယ်အတွင်းရှိ ပညာရေးကဏ္ဍမှာ သာမကဘဲ တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေ၊ ကျန်းမာရေး၊ လူမှုရေးနဲ့ ရပ်ရွာမှာလူထုအကျိုးပြုမယ့် လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ကိုင်နိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်မှာ သင်တန်းသား ၁၀ ဦး သင်တန်းသူ ၄၀ ဦးနဲ့အောက်တိုဘာ ၃၀ ရက်မှာ သင်တန်းသား ၁၀ ဦး၊သင်တန်းသူ ၁၀၀ ဦးတို့ကိုလည်း ယခုလို လေ့ကျင့်သင်ကြား ပေးခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - သင်တန်းသား/သူတွေကို လေ့ကျင့်သင်ကြားပေးနေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စွမ်းဆောင်ရည်မြှင့်တင် #သင်တန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10