သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေထွက်လာတဲ့ ရိက္ခာတင်ယာဉ် တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေပြီး ၇ ဦးဖမ်းဆီးရမိထားတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်လာပါတယ်။
နမခ ကနေ ထွက်လာတဲ့ ထပရ ၉၂၉ နဲ့ တပ်မ ၇၇ လက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ Jammer ကား ၃ စီးအပြင် ချောဆွဲထားတဲ့ ရိက္ခာတင်ကုန်ကား ၇ စီးဟာ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းလောက်မှာ မုံရွာ - အရာတော်လမ်းပိုင်းတနေရာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိတွေ့မှုအတွင်း အမတ ၅၀၈ က လက်နက်ကြီး ၁၂၂ မမ ဟောင်ဝစ်ဇာ ၄ လုံးနဲ့ ပစ်ကူပေးခဲ့သလို နမခ ကနေ သံပြားကာကား ၄ စီးနဲ့ စစ်ကူပို့ပေးခဲ့တယ်လို့ ဆိုထားပါတယ်။
အပြန်အလှန်ပစ်ခတ်မှုအတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်က ၁ ဦးကျဆုံးခဲ့သလို ၂ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကာ အဲဒီ ၂ ဦးထဲက ၁ ဦးဟာ စိုးရိမ်ရတဲ့အခြေနေရှိတယ်လို့ ကာကွယ်ရေးရဲဘော်တဦးက ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ G 3 ၂ လက်၊ MA 4 ၁ လက်၊ Uzi ၁ လက်၊ 5.56 မမ ကျည် ၄,၁၉၀ တောင့်၊ G 3 ကျည် ၅,၀၀၀ တောင့် ၊ ၁၂၂ မမ ဟောင်ဝစ်ဇာ ၁၅ လုံး၊ ဒရုန်းဗုံးသီး ၂၀ လုံး၊ တိုက်မိုင်း ၃၀ လုံး၊ ၇၃ မမ ဒုံးသီး ၂၀ လုံး၊ ၆၀ မမ ဗုံးသီး ၂၇ လုံး၊ ၄၀ မမ ဗုံးသီး ၃ လုံး၊ နင်းမိုင်းအသေး ၄၅ လုံး၊ Jammer စက်ကြီး ၃လုံး၊ Jammer စက်သေး ၂ လုံး၊ ကျောပိုးလွယ်အိတ် ၆ လုံး၊ Uzi ကျည်အိမ် ၂ ခုတို့ကို PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၁၈ ၊ ၂၀ ၊ ၂၂ ၊ ၂၄ ၊ ၂၇ )၊ ဗျူဟာ ၆၆ (မုံရွာခရိုင်တပ်ရင်း ၁၉ ၊ ၂၁ ၊ ၂၆ )၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့ ၊ အရာတော်မြို့နယ် ပကဖ (တိုက်နယ် ၁ ၊ ၂ ၊ ၄ ၊ ၅ ၊၈ ၊ ၁၀ ၊ ၁၁ ) ၊ အရာတော်မြို့နယ် ပလဖ ၊ မုံရွာမြို့နယ် ပကဖ (တိုက်နယ် ၂ )၊ BLDF အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
တိုက်ပွဲနဲ့ပက်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို သိရဖို့ PDF ပူးပေါင်းတပ်ဖွဲ့အချို့ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပြီး ဆက်လက်တင်ဆက်ပေးသွားပါမယ်။
#မြေလတ်အသံ
#မုံရွာ #အရာတော် #တိုက်ပွဲ #ဖမ်းဆီး #လက်နက်ခဲယမ်း
Share Share Share