မုံရွာ PDF တွေကို လူထုဆက်ဆံရေး ကျင့်ဝတ်အပါအဝင် စစ်ရေးမွမ်းမံသင်တန်းတွေ ပို့ချ

မုံရွာ PDF တွေကို လူထုဆက်ဆံရေး ကျင့်ဝတ်အပါအဝင် စစ်ရေးမွမ်းမံသင်တန်းတွေ ပို့ချ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်တပ်ရင်း - ၇ ရဲ့ မွမ်းမံသင်တန်း အပတ်စဥ် - ၁၀ သင်တန်းဆင်းပွဲကို ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း - ၇ ထံက သိရပါတယ်။

မွမ်းမံသင်တန်းမှာ မုံရွာခရိုင်တပ်ရင်း - ၇ မှာ ရှိတဲ့ တပ်ခွဲ - ၄ ဖွဲ့က ရဲဘော် ၃၁ ဦးကို ၁၅  ရက်ကြာ ရက်တို သင်တန်းပေးခဲ့တာလို့၊ Monywa Lightning PDF သတင်းတာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

"ကျနော်တို့ PDF ဆိုတာ ပြည်သူကမွေးဖွားလာတဲ့ ပြည်သူ့ရဲဘော်တွေပါ။ လက်နက်ခဲယမ်းကအစ ပြည်သူက ဝယ်ပေးထားတာ။ ပြည်သူကို မျက်နှာမမူဘဲ ပြန်နှိပ်စက်တဲ့လုပ်ရပ်မျိုးကတော့ လက်မခံနိုင်ပါဘူး။ ဒါကလည်း အဖွဲ့ငယ်လေးတွေမှာ ဖြစ်နေတာတွေ့ရပါတယ်။" လို့ သူကပြောပါတယ်။

ရဲဘော်တွေအနေနဲ့ လက်လုပ်လက်နက်နဲ့ကိုင်ပြီး မောင်းပြန်လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီကို တိုက်ခိုက်ရတာဖြစ်လို့ ရဲဘော်တွေ အတွေ့အကြုံရှိဖို့ စိတ်ဓာတ်ခိုင်မာဖို့ သင်တန်းထဲမှာ ထည့်သွင်းသင်ကြားပေးတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ စစ်ရေးလှုပ်ရှားတဲ့ နေရာတွေမှာ ရဲဘော်တွေက စစ်ရေးလိုအပ်ချက် ရှိနေလို့မွမ်းမံသင်တန်းပေးရတာ ဖြစ်တယ်။ အဓိက လက်နက်အင်အား အပြည်အစုံမရှိသေးပါဘူး။ ဘဏ္ဍာရေး အခက်အခဲလည်းရှိနေပါတယ်" လို့ သတင်းတာဝန်ခံက ပြောပါတယ်။

လက်တွေ့ပိုင်းမှာတော့ စစ်ရေးပြတာ၊ စစ်မြေပြင်ကျွမ်းကျင်ရေးနဲ့ စာတွေ့အပိုင်းမှာတော့ လက်နက်စည်းကမ်းနဲ့ ပြည်သူ့အပေါ်ထားရမယ့် ကျင့်ဝတ်တွေကို သင်တန်းဆရာ ၄ ဦးနဲ့ သင်ကြားပေးတာလို့ ဆိုပါတယ်။

မုံရွာခရိုင်တပ်ရင်း - ၇၊ တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေကိုတိုက်ခိုက်တဲ့အခါ မုံရွာခရိုင်အတွင်း နယ်မြေတွေမှာ တိုက်ခိုက်တာများပြီး၊ ရံဖန်ရံခါ ယင်းမာပင်ခရိုင်ထဲမှာလည်း သွားရောက် တိုက်ခိုက်ခဲ့တာတွေရှိကာ တိုက်ပွဲအကြိမ်ရေ ၁၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - 007

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာ #PDF #စစ်သည်တော်ကျင့်ဝတ် #မွမ်းမံသင်တန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10