မုံရွာ - အမြင့်လမ်းသပိတ်ကော်မတီက ဦးဆောင်တဲ့ လူထုဟောပြောပွဲ

မုံရွာ - အမြင့်လမ်းသပိတ်ကော်မတီက ဦးဆောင်တဲ့ လူထုဟောပြောပွဲ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းက ကျေးရွာတရွာမှာ မုံရွာ - အမြင့်လမ်း သပိတ်ကော်မတီ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မုံရွာမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး လူထုဟောပြောပွဲကို ကျင်းပခဲ့ကြပါတယ်။


မေလ ၁၀ ရက် မနေ့ကနေ့လယ် ၁၂ နာရီကနေ ၂ နာရီအထိ ဦးဆောင်သူတွေက NUG ယန္တရား လည်ပတ်ပုံအဆင့်ဆင့်၊ နိုင်ငံရေးအခြေအနေ၊ လူထုတော်လှန်ရေး ပါဝင်ပတ်သက်မှု၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံအကြောင်းတွေကို ဟောပြောခဲ့ကာ ဒီဟောပြောပွဲကို ဒေသခံ ၁၀၀ ကျော်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။



"လူဦးရေကတော့ ကျေးရွာတရွာတည်းဆိုတော့ နည်းတာပေါ့။ အခုလို လိုက်ဟောပြောတာက ၆ ရွာ မြောက်ဖြစ်ပါတယ်။ ကျနော်တို့က တရွာချင်းလိုက်ပြီး လူထုဟောပြောပွဲလုပ်တာက အခုရာသီဥတုနဲ့ဆိုတော့ ကျနော်တို့သပိတ်ထွက်ဖို့ အခက်အခဲရှိနေတာကြောင့် ကျေးရွာတရွာချင်းလိုက်ပြီး လူထုကို နိုင်ငံရေးအသိ၊ နိုင်ငံရေးအတွေးအခေါ်တွေ သိရှိနားလည်စေချင်တာရယ် တော်လှန်ရေးမှာ သွေးမအေးဘဲ ဆက်လက်တော်လှန်စေချင်တဲ့ရည်ရွယ်ချက်နဲ့ အခုလိုဟောပြောတာပါ"
လို့ မုံရွာ - အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီမှ တာဝန်ရှိသူတဦးက ပြောပါတယ်။


အခုလို ဟောပြောဖို့သွားချိန်မှာလည်း နယ်မြေမတည်ငြိမ်မှုတွေ၊ ရာသီဥတုအပူလွန်ကဲမှုတွေ၊ သွားရေးလာရေး အခက်အခဲတွေနဲ့ ကြုံတွေ့ရပေမယ့် ကျန်ရှိနေသေးတဲ့ကျေးရွာတွေမှာ ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။


အလားတူ မေလ ၉ ရက်ကလည်း မုံရွာ - အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဟာ နယ်မြေမငြိမ်သက်တဲ့ကြားကနေ လူထုပါဝင်မှုနဲ့ သိသင့်သိထိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစတဲ့ အကြောင်းအရာတွေကို မုံရွာနယ်က ကျေးရွာတခုမှာ ဟောပြောခဲ့ပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10