မူးယစ်ဆေးဝါးမှုနဲ့ စစ်ဆေးခံရစဉ် သေဆုံးခဲ့ရမှု ကျူးလွန်သူတွေကို ထိရောက်စွာအရေးယူဖို့ တောင်းဆို (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါနယ်မြောက်ပိုင်း၊ ကျွန်းဒတ်ကျေးရွာမှာနေထိုင်တဲ့ ဦးစန်းလွင်ကို မူးယစ်ဆေးဝါးနဲ့ပတ်သက်ဆက်စပ်ပြီး မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က စစ်ဆေးနေစဉ်သေဆုံးခဲ့သူရဲ့ စျာပနကို ဒေသခံအများအပြားက လိုက်ပါပို့ဆောင်ပေးခဲ့ကြပြီး ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုတာတွေပြုလုပ်ခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်က မူးယစ်ဆေးဝါးရောင်းချနေတယ်ဆိုတဲ့ သတင်းရရှိချက်အရ ဦးစန်းလွင်နေအိမ်ကို မျက်နှာဖုံးစွပ်လူတစုက လာရောက်ရှာဖွေဖမ်းဆီးခဲ့ရာမှာ ဦးစန်းလွင်ကို မတွေ့တဲ့အတွက် သူ့အမျိုးသမီးကို တနေရာကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

အဲဒီနောက် ဦးစန်းလွင်အမျိုးသမီးကို ပြန်လွှတ်ပေးလိုက်ပြီး ဇူလိုင် ၁၇ ရက်မှာတော့ ကျွန်းဒတ်ပအဖတာဝန်ခံ ဦးတောကျော်ကိုယ်တိုင် ဦးစန်းလွင်ကို စစ်ဆေးဖို့အတွက် လိုက်လံပို့ဆောင်ပေးခဲ့ပြီး ကောင်းမွန်စွာ စစ်ဆေးကြဖို့ မှာကြားခဲ့ကာ ပြန်လာခဲ့တယ်လို့ ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

လိုက်ပါပို့ဆောင်ခဲ့သူ ကျွန်းဒတ်ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံဦးတောကျော်ကို မြေလတ်အသံက ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ရာမှာတော့ ဖုန်းစက်ပိတ်ထားပါတယ်။

အဲဒီနေ့ နံနက် ၁၀ နာရီက သွားရောက်စစ်ဆေးခံခဲ့ရသူ ဦးစန်းလွင်ဟာ ညနေ ၃ နာရီမှာတော့ သေဆုံးသွားပြီဆိုတာကို ပလဖ က မိသားစုကို အကြောင်းကြားခဲ့တဲ့အတွက် အလောင်းကို သွားယူခဲ့ရပြီး ဦးစန်းလွင်ကျောပြင်တခုလုံးမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ၊ ညိုမဲဒဏ်ရာတွေပရဗွနဲ့ တွေ့ခဲ့ရတယ်လို့ သွားရောက်ယူဆောင်ခဲ့သူတွေဆီက သိရပါတယ်။

ဇူလိုင် ၁၈ ရက်မှာတော့ ကျွန်းဒက်ရွာရှိ ဦးစန်းလွင်အမ နေအိမ်မှာပဲ မြို့နယ် ပအဖ အဖွဲ့ဝင်တွေနဲ့ ကျန်ရစ်သူမိသားစုတွေဟာ ကျေးအေးကြောင်းလက်မှတ်ထိုးပေး လိုက်ရတယ်လို့ ဒေသခံအမျိုးသားကပြောပါတယ်။

ဦးစန်းလွင်ရဲ့ စျာပနကိုတော့ ဇူလိုင် ၁၉ ရက်မှာ ပြုလုပ်ခဲ့ကြပြီး ရွာသူ/ရွာသားအများပြားလိုက်ပါပို့ဆောင်ခဲ့ကြကာ ပို့ဆောင်သူတချို့က “ပြည်သူ့အာဏာ လူသတ်ဖို့မဟုတ်”“သက်ဆိုင်ရာကြီးတဲ့သူများ ပလဖ ကို ထိရောက်စွာအရေးယူပေးပါ” စတဲ့ စာသားပါ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် တောင်းဆိုခဲ့ကြပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာတော့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ဦးစန်းလွင်ကို မြို့နယ်ပလဖက စစ်ဆေးခဲ့တာမှန်ကန်သလို သေဆုံးခဲ့တာလည်း မှန်ကန်ကြောင်း၊ ညိုမဲဒဏ်ရာတွေနဲ့ ရိုက်နှက်လို့ သေဆုံးတာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

ဂန့်ဂေါနယ်မြောက်ပိုင်းမှာ ဇူလိုင်လအတွင်း မူးယစ်ဆေးဝါးတချို့ကို မြို့နယ် ပလဖအဖွဲ့က ဖမ်းဆီးရမိပြီး ခရိုင်ပလဖနဲ့ပြည်ထဲရေးဌာနကို တင်ပြခဲ့ရာ ဆက်စပ်တရားခံများကို အရေးယူဖို့ တာဝန်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

ဦးစန်းလွင်မိသားစုကတော့ ကျန်ရစ်သူတွေကို ပြဿနာရှာမှာစိုးရိမ်နေတဲ့အတွက် အေးဆေးနေလိုတာကြောင့် လက်မှတ်ထိုးပေးလိုက်ကြတာ ဖြစ်တယ်လို့ ဒေသခံတွေ ကပြောဆိုထားပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #မူးယစ်ဆေးဝါး #ပလဖ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10