မြင်းခြံ ခမရ ၁၅ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ် ၁၈ လုံးမီးလောင်သွား

မြင်းခြံ ခမရ ၁၅ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ် ၁၈ လုံးမီးလောင်သွား

 

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ ခမရ ၁၅ ကနေ သြဂုတ် ၉ ရက် ည ၁၀ နာရီလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ လက်ဝဲ−မြင်းနီကျေးရွာက လူနေအိမ် ၁၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

ခမရ ၁၅ ကနေ  လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၁ လုံးမှာ  မြင်းနီပိုင်းက နေအိမ် ၁ လုံးရဲ့ အုတ်တံတိုင်းကို ထိမှန်ခဲ့ပြီး နောက် ၁ လုံးကတော့ နွားစာတဲထဲ ကျရောက်ပေါက်ကွဲသွားတဲ့အတွက် နေအိမ် ၁၈ လုံး မီးလောင် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ ကျေးရွာက ဒေသခံတွေဟာ ကျေးရွာထဲကနေ ထွက်ပြေးတိမ်းရှောင်နေတာ ၁ လဝန်းကျင်လောက်ရှိပြီး တောတွေထဲမှာ ထန်းလက်အမိုးအကာတွေ မိုးပြီးနေနေရသလို စားသောက်ဖို့ကို အခြားကျေးရွာတွေကနေတဆင့် ဝယ်ယူစားသောက်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

စစ်ရှောင်နေရတဲ့ဒေသခံတွေဟာ လက်ဝဲ-မြင်းနီကျေးရွာထဲသို့ နေ့ခင်းပိုင်းအချိန် နွားစာကျွေးတာနဲ့ လိုအပ်တဲ့ ပစ္စည်းပြန်ယူတဲ့အချိန်သာ ပြန်လေ့ရှိတယ်လို့ ဆိုပါတယ်။ 

“ခဏတဖြုတ် ပြန်ကြတယ်၊ လုံးလုံးကြီး မပြန်ဘူး။ လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းထုနေတာ။ အစားအသောက်ကတော့ တောထဲတောင်ထဲဆိုတော့ရတဲ့ ဟင်းရွက်ခူးခပ်စားတယ်။” လို့ အဆိုပါ ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။

မြင်းခြံမြို့ ခမရ ၁၅ ကနေ ဟောင်ဝစ်ဇာနဲ့ လက်ဝဲ − မြင်းနီ ကျေးရွာဘက်ကို မကြာခဏပစ်ခတ်လေ့ရှိပြီး အခုလို လက်နက်ကြီးနဲ့ပစ်လို့ ထိခိုက်ဒဏ်ရာရသူ ၄ ဦးထက်မနည်းရှိတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၃ ထောင်ဝန်းကျင်ရှိတဲ့ လက်ဝဲ − မြင်းနီရွာဟာ အခုလို မီးရှို့ခံ၊ မီးလောင်ခံရတာဟာ တတိယအကြိမ်ရှိပြီ ဖြစ်ပါတယ်။ ၂၀၂၄ အတွင်းမှာ ၃ ကြိမ်တိုင်တိုင်မီးရှို့ခံရပြီး ပထမအကြိမ်မီးရှို့ခံရချိန်မှာ နေအိမ် ၁၀ လုံး မီးလောင်ပျက်စီးသွားပြီး ဒုတိယအကြိမ်  ဇူလိုင် ၁၀ ရက်ကလည်း လက်ဝဲ − မြင်းနီရွာက နေအိမ် ၅၆၉ လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားသလို ကျန်းမာရေးမကောင်း၍ အိပ်ယာထဲလှဲနေသူ ၁ ဦးနဲ့ သက်ကြီးရွယ်အို ၆ ဦးတို့ မီးလောင်သေဆုံးသွားခဲ့ပါသေးတယ်။ 

ပုံစာ- သြဂုတ် ၉ ရက်က လက်ဝဲ − မြင်းနီရွာကနေအိမ်များ မီးလောင်ပျက်စီးနေပုံ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မြင်းခြံမြို့ #ခမရ၁၅ #လက်နက်ကြီး #လက်ဝဲ #မြင်းနီကျေးရွာ #မီးလောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10