မြင်းခြံနယ်က ပျုစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ပစ်ခံရလို့ ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် လေးရွာဆုံရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ Anyar Federal Task Force (AFTF) တပ်ဖွဲ့ဆီက သိရပါတယ်။

လေးရွာဆုံရွာမှာ ၂ နှစ်ကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၂၈ ရက် မနက် ၉ နာရီလောက်မှာ Shar Htoo Waw နည်းပညာ Fixed Wing Drone ၁ စီးနဲ့ သွားရောက်ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ပျူစောထီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“လေးရွာဆုံရွာက တရွာလုံးနီးနီးက ပျူတွေကြီးပဲ၊ ကျနော်တို့ ပစ်ပြီးတဲ့အခါမှာ ၆၀ မမ ၄ လုံး နဲ့ ကျနော်တို့ကို ကောင်တာပြန်ပစ်တယ်၊ ၃ချက်ကတော့ ကွဲတယ်  ၁ လုံးကတော့ မကွဲဘူး၊ ထိခိုက်သေဆုံးမှုကိုတော့ ကျနော်တို့ ခိုင်လုံတဲ့ သတင်းအရင်းမြစ်ကနေ ပြန်ရတာပါ ” လို့ Anyar Federal Task Force (AFTF) တပ်ဖွဲ့မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလီယို ကပြောပါတယ်။

လေးရွာဆုံရွာကို အခုလိုသွားရောက်ပစ်ခတ်တာ အကြိမ်ရေ ၁၀ ကြိမ်အထက်ရှိပြီးဖြစ်သလို အဲဒီကျေးရွာထဲမှာ စစ်အုပ်စုက အင်အား ၃၀ ဝန်းကျင် နဲ့ အထိုင်ချထားတယ်လို့လည်း သိရပါတယ်။ 

စစ်အုပ်စု အထိုင်ချထားတဲ့ လေးရွာဆုံရွာနဲ့ ရွာနားနီးစပ်တွေဖြစ်တဲ့ ညောင်ပင်ရွာ၊ လက်ဝဲရွာ၊ မြင်းနီရွာ၊ ရွာကြီးရွာနဲ့ ကန်ဆင့်ရွာ အစရှိတဲ့ ကျေးရွာတွေက ပြည်သူအများစုမှာ သူတို့ရွာတွေထဲ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်ရတာမျိုးတွေရှိတယ်လို့ ကိုလီယိုက ဆက်ပြောပါတယ်။

“အနီးနားကျေးရွာက ပြည်သူတွေကတော့ ရွာထဲသိပ့်မနေရဲကြတော့ဘူး နဲနဲပဲရှိတော့တယ်။ ဘာလို့ဆို သူတို့ (စစ်ကောင်စီ)က အမြဲလိုလိုပြည်သူတွေကို ဒုက္ခပေးတယ်။ ရွာနားကပ်လာရင် ဖမ်းတာတို့ ပါးတွေနားတွေ ရိုက်တာတို့ အဲလိုမျိုးတွေတောက်လျှောက် အကြမ်းဖက်တာတွေလုပ်တာဆိုတော့ ပြည်သူတွေက ရွာထဲမှာ သိပ်မနေရဲကြဘူး ဟိုလောလောလတ်လတ်ကမှ လက်ဝဲရွာ ကိုမီးရှို့ထားလို့ အဲရွာဆိုရင် တရွာလုံးနီးပါး ဘေးရွာတွေမှာ ရှောင်နေရတာ” လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Anyar Federal Task Force (AFTF) ၊ Freedom Fighter Guerrilla Force (FFGF)  နဲ့  8 Stars အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ ။ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်အာဇာနည်နေ့မှာလည်း နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ AFTF တပ်ဖွဲ့ဟာ လေးဆုံရွာကို ဒရုန်းနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မြင်းခြံ  #လေးရွာဆုံရွာ #ပျုစောထီး #စစ်အုပ်စု #အထိုင်ချ #ဒရုန်း #ပစ်ခတ်ခံရ #ထိခိုက် #စစ်သား #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10