မြင်းခြံနယ် ဧရာဝတီမြစ်ထဲ စစ်သုံးရိက္ခာတင်ရေယာဉ် တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိတယ်လို့ဆို

မြင်းခြံနယ် ဧရာဝတီမြစ်ထဲ စစ်သုံးရိက္ခာတင်ရေယာဉ် တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိတယ်လို့ဆို

မန္တလေးတိုင်း၊ မြင်းခြံနယ်၊ ဧရာဝတီမြစ်ထဲ မောင်းနှင်နေတဲ့ စစ်ကောင်စီရဲ့ စစ်သုံးရိက္ခာတင်ရေယာဉ် (ဖလက်သင်္ဘော)ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ တာဝန်ခံက ပြောပါတယ်။

 

မြင်းခြံမြို့နယ်၊ ဆီမီးခုံဘက်ကနေ ဧရာဝတီမြစ်အတိုင်း အထက်ဆန်တက်လာတဲ့ အင်အား ၃၀ လောက်ပါ ဖလက်သင်္ဘော ၃ စီး ကို ဇွန်လ ၁၈ ရက်ညနေ ၅ နာရီလောက်မှာ လင်ကြီးဆိပ်ကမ်းအနီးကနေ RPG၊ လက်နက်ငယ်၊ စက်လတ်တွေနဲ့ ကြိုတင်ပြင်ဆင်ကာ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

"သူတို့မလာခင်ရက်ကတည်းက ကတုတ်ကျင်းကအစ ကြိုတင်ပြင်ဆင်ပြီး အမြုပ်တိုက်ဖို့ကြိုးစားတာပါ။ ကျည်အားများများနဲ့ အသုံးပြုခဲ့ပါတယ်။ ပထမဖလက်ပေါ်ကိုလက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်။ သူတို့က အခိုင်အမာဆောက်ထားတော့ ဖလက်က​မြုပ်တော့ မသွားဘူး"လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ တာဝန်ခံက ပြောပါတယ်။

 

သင်္ဘောဟာ ဆက်လက်ဆန်တက်ပြီး မြင်းခြံမြို့နယ်၊ ဆိပ်ဉာဏ်ဆိပ်ကမ်းအရောက်မှာသေဆုံးတဲ့စစ်သား၁၀ ဦးလောက်ရဲ့ အလောင်းတွေကို ကားနဲ့ မြင်းခြံဆေးရုံကိုပို့ဆောင်ခဲ့တာကို ကင်းထောက်တွေဆီက ပြန်လည်သတင်းရတယ်လို့ သူက ဆက်ပြောပါတယ်။

 

ကြိုတင်ပြင်ဆင် စောင့်ဆိုင်းတိုက်တဲ့အပြင် ကျည်အားအများအပြား အသုံးပြုခဲ့တဲ့အတွက် တပ်ဖွဲ့အတွက် ကျည်တွေပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

 

ဖလက်သင်္ဘောကို တိုက်ခိုက်တဲ့အတွက် စစ်သားသေဆုံးမှုအပေါ် မြေလတ်အသံကသီးခြားအတည်ပြုချက် မရသေးပါဘူး။

 

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ နဲ့ မဟာမိတ်တွေဖြစ်တဲ့ Burmese Guerrilla Force - BGF၊ မိုရှေဒါယန် ပြောက်ကျားတပ်ဖွဲ့နဲ့ အမေ့လက်ရုံးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့အဝင်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုလည်း ဒရုန်းအသုံးပြုပြီး အီနာဂါ M9 ပြင်းအားမြင့် ဗုံးသီးချကာ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ဧရာဝတီမြစ် #စစ်ကောင်စီ #စစ်သုံးရိက္ခာတင်ရေယာဉ် #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10