မြင်းခြံမှာ စစ်တပ်စစ်ဆေးရေးဂိတ်နဲ့ ပျူရွာမှာ တပ်စွဲထားတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများဟုဆို

မြင်းခြံမှာ စစ်တပ်စစ်ဆေးရေးဂိတ်နဲ့ ပျူရွာမှာ တပ်စွဲထားတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများဟုဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာ(ပျူရွာ)ထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဧပြီလ ၂၁ ရက်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

 

စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်တဲ့ ဇရပ်နေရာအနီးကိုရောက်လာချိန် နေ့လည် ၁၂ နာရီခန့်မှာ တကြိမ်၊ နေ့လည် ၂ နာရီလောက်မှာ အဲ့ဒီနေရာကို မိုင်းရှင်းဖို့ ထပ်မံလာရောက်ချိန် ၁ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြန်ကြာရေးတာဝန်ခံ လဂွန်းအိမ်က ပြောပါတယ်။

"ပျူနဲ့စစ်သားတွေမရှိချိန် သူတို့ကင်းပုန်းဝပ်တဲ့ဇရပ်မှာ မိုင်းထောင်ထားတာ၊ ရွာလည်မှာ ပိုက်ဆံတွေကောက်ပြီး နေပူလို့ ဇရပ်ကို ပြန်နားတော့ မိုင်းဆွဲလိုက်တာ ၈ ယောက် သေတယ်။ မိုင်းရှာဖို့ထပ်လာတဲ့ စစ်သားတွေကို နောက်တကြိမ် မိုင်းထပ်ဆွဲတော့ ၄ ယောက် သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ကျောက်ကန်ရွာကို ဒေသခံတွေက ပျူရွာလို့ သတ်မှတ်ထားတာဖြစ်ပြီး၊ စစ်ကောင်စီတပ်ဖွဲ့တွေက ရွာအတွင်းမှာ နေထိုင်တပ်စွဲထားကာ ရွာထိပ်နှစ်ဘက်မှာ ကင်းပုန်းဝပ်ပြီး လမ်းသွားလမ်းလာပြည်သူတွေထံက ငွေတောင်းနေတာလို့ ဆက်ပြောပါတယ်။

အလားတူ မြင်းခြံမြို့၊ မြင်းခြံ-မန္တလေးလမ်းပိုင်းပေါ်ရှိ မြင်းခြံမြို့အဝင်စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Myingyan District Drone Strike Team အဖွဲ့ဆီက သိရပါတယ်။

ဧပြီလ ၂၀ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ အင်အား ၃၀ ကျော်လောက်ရှိနေတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်က နားနေဆောင်ကို ဒရုန်းနဲ့ဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့တာဝန်ခံ ကိုအာမိုက ပြောပါတယ်။

"ခုဒရုန်းနဲ့ချတဲ့နေရာက မြို့ဝင်ဂိတ်ကောက်တဲ့နားမှာ တပ်စွဲစစ်ဆေးနေတဲ့ စစ်ကောင်စီအဖွဲ့တွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်။ အဲ့နေရာက လမ်းသွားလမ်းလာယာဥ်တွေကို အစစ်ဆေးကြမ်းပြီး ငွေတောင်းကြမ်းတဲ့နေရာလည်း ဖြစ်တယ်။ ဗုံး ၂ လုံးစလုံးကတော့ သူတို့နေတဲ့ အဆောက်အဦးနေရာနားကို ကျရောက်ပေါက်ကွဲခဲ့တာပါ" လို့ ပြောပါတယ်။

ဒရုန်းဗုံးကျလို့ အဆောက်အဦးဘေးနားမှာရှိနေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်း ထိခိုက်ပြီး အဆောက်အဦးထဲက ရှိနေသူ စစ်ကောင်စီတပ်သားတွေနဲ့စစ်ဆေးရေးဂိတ်မှာ ရှိနေသူတွေ ထွက်ပြေးကြတာရှိပြီး ခရီးသွားကားတွေလည်း ရပ်ကုန်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ မြေလတ်အသံအနေနဲ့သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုကိုတော့ Myingyan District Drone Strike Team နဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃၊ မြင်းခြံခရိုင်တပ်ရင်အမှတ် ၄၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၈ တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောက်ကန်ရွာ တိုက်ခိုက်မှုကိုတော့ မြင်းခြံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ရွှေခြံသားပြောက်ကျား တပ်ဖွဲ့ဝင်တွေက ပူးပေါင်းတိုက်ခိုက်တာလို့ သိရပါတယ်။

ဧပြီလ ၈ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ယုံထိုးတောင်အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကာကွယ်ရေးအဖွဲ့တွေဘက်က ၂ ဦးသေဆုံးပြီး စစ်ကောင် စီဘက်ကလည်း ၁၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - မြင်းခြံမြို့အဝင် စစ်ဆေးရေးဂိတ် စစ်ကောင်စီတပ်သားတွေရဲ့ နားနေဆောင်ကို ဒရုန်းနဲ့တိုက်ခိုက်စဉ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10