မြင်းခြံမှာ နေအိမ် ၁၀၀ ကို စစ်တပ်ကမီးရှို့၊ အဖွားတဦးလည်း မီးလောင်သေဆုံး

မြင်းခြံမှာ နေအိမ် ၁၀၀ ကို စစ်တပ်ကမီးရှို့၊ အဖွားတဦးလည်း မီးလောင်သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မန်ကျည်းစုကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၀၀ ခန့်မီးလောင်ပျက်စီးခဲ့ပြီး အဖွားတဦးလည်း မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၄ ရက် ဒီမနက်အ‌‌စောပိုင်း ၁ နာရီလောက်မှာ စစ်သားနဲ့ ပျူစောထီး အင်အား ၅၀ နီးပါးက ဖောကားသုံးစီးနဲ့ ရွာထဲကို၀င်ကာ နေအိမ်တွေထဲက ပစ္စည်းတွေကို ကားပေါ်တင်ပြီးနောက် နေအိမ်တွေကို မီးရှို့ခဲ့တာလို့ မြင်းခြံဒေသခံတဦးက ပြောပါတယ်။

"လက်နက်တွေလည်း ပစ်ဖောက်ရော ရွာသားတွေ ကြောက်လန့်ပြီထွက်ပြေးကုန်တာ တချို့ဆို အဝတ်တထည်ကိုယ်တခုနဲ့ပဲထွက်ပြေးကြတာ။ မီးထဲမှာ တယောက်ကဆုံးသွားတယ်။ ကျန်တယောက်က မသန်စွမ်းဖြစ်နေတဲ့ အသက် ၃၅ နှစ်အရွယ် ကိုခင်မောင်ဌေး ကိုတော့ မီးထဲကကယ်ထုတ်နိုင်ခဲ့ပေမဲ့ အခုချိန်ထိစကားမပြောနိုင်တော့သလို အသက်ရှူတာတွေလည်းမောနေတယ်” လို့ ဆိုပါတယ်။

မီးရှို့နေချိန်အတွင်း ထွက်မပြေးနိုင်ခဲ့တာကြောင့် အသက် ၇၀ အရွယ် ဒေါ်မြအေး ဆိုသူ မီးလောင်သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

မန်ကျည်းစုရွာကို လယ်သစ်ရွာက ပျူခေါင်းဆောင် ငပေါက်နဲ့ ကျောက်ကန်ရွာက ပျူခေါင်းဆောင် လှမိုးတို့ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူ ဝင်ရောက်မီးရှို့ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ရွာကိုမီးရှို့ပြီး မနက် ၂ နာရီလောက်မှာတော့ စစ်အုပ်စုဟာ မန်ကျည်းစုကျေးရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ ကျောက်ကန်နဲ့ လယ်သစ်ရွာတွေဘက်ကို ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

အခုချိန်ထိလည်း ရွာထဲမှာမီးတွေလောင်နေဆဲဖြစ်ပြီး၊ စစ်တပ်နဲ့ပျူတွေက ကျန်ရှိနေတဲ့ နေအိမ်တွေကို ထပ်ပြီးမီးရှို့မှာ စိုးရိမ်တဲ့အတွက် ဒေသခံတွေကတော့ ရွာထဲကို ပြန်လည်၀င်ရောက် နေထိုင်ခြင်းမရှိသေးပါဘူး။

“ရွာသားတွေကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ သူတို့ဆွေမျိုးတွေရှိတဲ့ရွာတွေမှာ နေနေကြတုန်းပဲ၊ မီးသတ်ဖို့ကလည်း ပျူတွေက ရွာသားတွေ သိုလောင်ထားတဲ့ရေကန်တွေကို အကုန်သေနတ်တွေနဲ့ပစ်ဖောက်သွားတော့ ရေတွေကမရှိတော့ဘူး၊ ကျန်သေးတဲ့ အိမ်တွေကို မီးထပ်ရှို့ဦးမှာဆိုပြီး သတင်းတွေကြားနေရလို့ ရွာသားတွေက ရွာထဲမဝင်ရဲသေးပါဘူး” လို့ အထက်ပါ ဒေသခံက ဆက်‌ပြောပါတယ်။

အိမ်ခြေ ၂၇၀ ရှိတဲ့ မန်ကျည်းစုကျေးရွာဟာ အခုလိုမီးရှို့ခံရတာ ၂ ကြိမ်မြောက်ရှိပြီး၊ ပြီခဲ့တဲ့ ၅ လလောက်ကလည်း မန်ကျည်းစုရွာက နေအိမ် ၅ လုံးကို စစ်သားနဲ့ ပျူစောထီးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။


အခုလိုစစ်အုပ်စုက မီးရှို့ဖျက်ဆီးနေလို့ မန်ကျည်းစုရွာအပါအဝင် ထိန်ပန်းရွာနဲ့ ရွာသစ်ရွာက ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ
#မန္တလေး #မြင်းခြံ #မန်ကျည်းစုရွာ #စစ်ကောင်စီ #နေအိမ်မီးရှို့ #အဘွားအိုတဦးသေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10