မြင်းဒေါင်းရွာ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးထားပြီး ရွာထဲမှာအထိုင်ချထား

မြင်းဒေါင်းရွာ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးထားပြီး ရွာထဲမှာအထိုင်ချထား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာက ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းထားတဲ့အပြင် ရွာထဲမှာလည်း အထိုင်ချထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီ  ၂ ရက် မနက်ပိုင်းမှာ ရေဦးတောင်ဘက်ခြမ်းမှာရှိတဲ့ ရွာသာလေး၊ ကုက္ကိုစု၊ မူးသာကုန် စတဲ့ကျေးရွာတွေမှာ ပြည်သူတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့  စားသောက်ကုန်တွေကို ခိုးယူပြီး အဆိုပါကျေးရွာတွေထဲမှာ တညအိပ် တပ်စွဲခဲ့တယ်လို့ သိရပါတယ်။ 

နောက်နေ့ မနက်မှာတော့ အဲ့ဒီကျေးရွာတွေကနေတဆင့် ခင်ဦးနယ်အနောက်ခြမ်းမှာရှိတဲ့ အင်းတိုင်းမြောက်ရွာနဲ့ တောင်ရွာတို့ကို ဆက်လက်ဝင်ရောက်ခဲ့ပါတယ်။ 

အဲ့ဒီနောက် အင်းတိုင်းတောင်ရွာနဲ့ ၅ မိုင်ကျော်လောက်ဝေးတဲ့ မြင်းဒေါင်းရွာထဲကို လက်နက်တွေ ပစ်ဖောက်ခြင်းမရှိဘဲ ရုတ်တရက်ဝင် ရောက်သွားတဲ့အတွက် ဒေသခံပြည်သူတွေဟာ ထွက်ပြေးချိန်မရလိုက်ဘဲ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့  ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ပြောပါတယ်။

“သူတို့ (စစ်ကောင်စီ)က ရေဦးကိုပြန်ဝင်မလိုလိုအယောင်ပြပြီး တိတ်တဆိတ်ထပ်ဝင်တယ်။ ရွာခံ ပြည်သူတွေက ထွက်ပြေးဖို့ပြင်နေရင်း အငိုက်ဝင်စီးခံလိုက်ရတာ။ ဖမ်းဆီးခံရတာက မြင်းဒေါင်းရွာရော၊ အင်တိုင်းရွာက ပြည်သူတွေရောပါတယ်” လို့ သူက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ပြည်သူတွေထဲမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်းပါဝင်ပြီး အခုချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ 

အခုချိန်ထိလည်း အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ မြင်းဒေါင်းရွာထဲမှာ အထိုင်ချထားဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ရေဦးတောင်ဘက်ခြမ်းကနေ ခင်ဦးအနောက်ခြမ်း ပျဉ်ထောင်ရွာဘက်အထိ နယ်မြေရှင်းလင်းရေးနဲ့ ရိက္ခာရှာဖွေစုဆောင်းရေးအဖြစ် စစ်ကြောင်းထိုးမယ်လို့လည်း သိရပါတယ်။

အခုလို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးနေတဲ့အတွက် ရေဦး-ခင်ဦး ကားလမ်းဘေးမှာရှိတဲ့ အင်းတိုင်းတောင်ရွာ၊ မြောက်ရွာ၊ အင်းပက်ရွာ၊ သရက်ပင်စုရွာ၊ ကားဆိပ်ရွာ၊ မကျီးအုပ်ရွာ၊ မြင်းကျရွာ၊ မြင်းဒေါင်းရွာ၊ ယာတော်ရွာ အစရှိတဲ့ကျေးရွာက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

ပုံစာ - ခင်ဦးအနောက်ခြမ်းမှ ဒေသခံပြည်သူများ ဇန်နဝါရီ ၃ ရက်က ထွက်ပြေးတိမ်းရှောင်နေရစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦးမြို့နယ် #မြင်းဒေါင်းရွာ #ပြည်သူ #စစ်ကောင်စီ #အင်းပက်ရွာ #စစ်ရှောင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10