မြင်းမူနယ်၊ မဲနောရွာက အိမ်ခြေ ၁၀၀ နီးပါးကို စစ်တပ်ကမီးရှို့

မြင်းမူနယ်၊ မဲနောရွာက အိမ်ခြေ ၁၀၀ နီးပါးကို စစ်တပ်ကမီးရှို့

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မဲနောရွာက အိမ်ခြေ ၁၀၀ နီးပါးကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားတယ်လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။

ဇူလိုင် ၁၆ ရက် မနေ့ မနက် ၄  နာရီလောက်မှာ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ လက်နက်တွေပစ်ဖောက်ပြီး မဲနောရွာထဲကိုဝင်ရောက်လာကာ ည ၉ နာရီလောက်မှ ရွာအရှေ့ပိုင်းက နေအိမ်တွေကို စတင်မီးရှို့ခဲ့ပြီး  ည ၁၀ နာရီလောက်မှာတော့ ပဥ္စကုန်းရွာဘက်ကို ပြန်ထွက်သွားကြတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အဲ့ဒီစစ်ကောင်စီအဖွဲ့ဟာ ဇူလိုင် ၁၇ ရက် ဒီမနက် ၂ နာရီလောက်မှာလည်း မဲနောရွာထဲကို ထပ်မံဝင်ရောက်ခဲ့ကာ ရွာအနောက်ဘက်မှာရှိတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀ နီးပါး  မီးလောင်ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။ 

“အခုလာတဲ့စစ်ကြောင်းထဲမှာ ပျူတွေများတယ်။ ပျူမိန်းမတွေလည်း ပါတယ်။ သူတို့ (စစ်ကောင်စီ)တွေက ထိတွေ့ပစ်ခတ်မှုမရှိဘဲ ဗြုန်းစားကြီးဝင်ရောက်လာတော့ ပြည်သူတွေက ဘာမှယူချိန်မရလိုက်ဘူး။ အဝတ်တထည်ကိုယ်တခုနဲ့ပဲ ထွက်ပြေးရတယ်”လို့ မြင်းမူမြို့နယ် သတင်းမှန် ပြန်ကြားရေးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီစစ်အုပ်စုဟာ ဒီမနက် ၅ နာရီလောက်မှ မဲနောရွာကနေ ပြန်ထွက်သွားပြီး အနီးနားက ကျေးရွာတွေကိုလည်း ဝင်ရောက်မွှေနှောက်သွားတဲ့အပြင် ခုလက်ရှိမှာတော့ နွယ်ခွေကျေးရွာထဲကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

အခုလိုစစ်တပ်က စစ်ကြောင်းထိုးမီးရှို့နေတဲ့အတွက် မဲနောရွာအပါအဝင် ဂရု၊ တောချောင်းဦး၊  တံမန်းတော၊ ညောင်ပင်ခံ၊ လက်ပံကျင်း၊သဲဂူ အစရှိတဲ့ကျေးရွာက ဒေသခံပြည်သူ ၅၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #မဲနော #စစ်ကောင်စီ #မီးရှို့ #အိမ်ခြေပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10