မြင်းမူနဲ့ ညောင်ပင်ဝန်းတွင် PDFနဲ့ စစ်ကောင်စီထိတွေ့မှုဖြစ်၊ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိ

မြင်းမူနဲ့ ညောင်ပင်ဝန်းတွင် PDFနဲ့ စစ်ကောင်စီထိတွေ့မှုဖြစ်၊ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာ စစ်ကိုင်း-မြင်းမူသွား ကားလမ်းပေါ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ ရံပုံငွေ အလှူခံတဲ့နေရာကို စစ်တပ်ရောက်လာရာမှ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးရှိတယ်လို့ မြင်းမူ Black Eagleထံက သိရပါတယ်။

ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခန့်မှာ ညောင်ပင်ဝန်းကျေးရွာ ကားလမ်းဘေး ထမင်းဆိုင်တန်း အရှေ့ဘက် တံတားနားကို စစ်ကောင်စီဘက်က အင်အား ၅၀ လောက်နဲ့ရောက်လာရာမှ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ 

"မနေ့က ကျနော်တို့ဘက်က သူတို့လာမှာ သတင်းရလို့ ပြန်ဆုတ်ထားပြီး အခြေနေကြည့်နေတာ။ အဲ့နားဝန်းကျင်မှာလည်း စကစအတွက် မိုင်းကွင်းဆင်ထားတာရှိတယ်။ သူတို့လည်းရောက်လာ ကျနော်တို့ ဘက်ကလည်း မိုင်းဆွဲပြီး ပစ်ခတ်တာ" လို့ မြင်းမူ Black Eagle တာဝန်ခံ ဗိုလ်တောက်ထွန်းက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း ထိခိုက်နိုင်ပြီး သေဆုံးထိခိုက်စာရင်းရနိုင်ဖို့ စုံစမ်းနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးချိန်မှာ စစ်ကောင်စီတပ်ဘက်က အနီးဝန်းကျင်ရှိ ကျန်းမာရေးမကောင်းသူ သက်ကြီးရွယ်အို တချို့နဲ့ ဆိုင်ကယ်နဲ့သွားလာတဲ့ လမ်းသွားလမ်းလာ ၃၀ လောက်ကို ဖမ်းခေါ်သွားပြီး စစ်ကိုင်းက စစ်ကောင်စီ တပ်ထဲမှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဒီဇင်ဘာ ၂ ရက်က ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ CDSOM အဖွဲ့ဆီက သိရပါတယ်။

မြင်းမူမြို့တွင်းရှိ မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးယူပေးနေသော စစ်သား ၁၅ ဦးခန့်ကို ညနေ ၅ နာရီခန့်မှာ တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ ၂ ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

" စစ်**တွေဘက်က စတိုက်ခဲ့တယ်။ ပေ ၁၀၀ အတွင်း အနီးကပ်တိုက်ခဲ့တယ်။ လက်ရှိသိရတာက သေဆုံး ၂ ဦးနဲ့ ဒဏ်ရာရတာ ၅ ဦးပါ" လို့ CDSOM တာဝန်ခံကိုနွေဦးက ပြောပါတယ်။

မြင်းမူမြို့တွင်းမှာ စစ်ကောင်စီဘက်က စစ်ကူအင်အား အဘက်ဘက်ကနေ ဝင်လာနိုင်တဲ့အနေအထားရှိပေမယ့် ကာကွယ်ရေးအဖွဲ့တွေ ပြန်မဆုတ်ဘဲ တိုက်ခိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ရာမှာ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ -CDSOM၊ မြောင်မြို့နယ် ပလဖ၊ MRF ဗိုလ်စားဖို မြောင်၊ MSPDF မြောင်၊ ဒေါင်းညီနောင်၊ CRA ချောင်းဦး၊ ဒေါင်းဘုရင်၊ CDSOM  မြောက်ပိုင်းတိုက်ခိုက်ရေးနဲ့ ကာကွယ်ရေးအဖွဲ့ - 012 တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ညောင်ပင်ဝန်းကျေးရွာ #မြင်းမူ #CDSOM  #စစ်ကောင်စီ #မြန်မာစီးပွားရေးဘဏ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10