မြင်းမူဘက်ကိုလာတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးချခံရလို့ ထိခိုက်သေဆုံးမှုရှိ

မြင်းမူဘက်ကိုလာတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးချခံရလို့ ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ဘက်ကိုလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇူလိုင် ၂၇ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ Black Eagle Defence Force – MMU အဖွဲ့ဆီက သိရပါတယ်။ 

မုံရွာ-မန္တလေးလမ်းဘေး၊ မြောင်လမ်းခွဲမှာ တပ်အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၅၀ နီးပါးနဲ့ ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာ မြောက်ဘက်ကို ရောက်ရှိနေချိန် ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။ 

“အဲဒီနေရာက ရွာ ၃ ရွာရဲ့ လမ်းခွမှာပါ။ သူတို့ အဲဒီမှာနားနေပြီတော့ ကင်းထွက်တဲ့သူကထွက်နေချိန် ကျနော်တို့က ဗုံးသီးနဲ့တိုက်ခိုက်ခဲ့တာ ၄ ကောင်ကတော့ ပွဲချင်းပြီး ထမ်းထုတ်သွားရတယ်လို့ ကြားသိရတယ်” လို့ Black Eagle Defence Force – MMU အဖွဲ့တာဝန်ခံတဦးက ပြောပါတယ်။

ဒါပေမဲ့ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သေဆုံးထိခိုက်မှုကိုတော့ မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒရုန်းနဲ့ ဗုံးသီးချပစ်ခတ်ခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ပြန်လည်ပစ်ခတ်တာတွေပြုလုပ်ပြီး လက္ကပင်ကျေးရွာထဲကို ဝင်ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဓားစားခံ ၃ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်လာတယ်လို့ သိရပါတယ်။ 

“သူတို့နဲ့အတူ ဓားစားခံ ၃ ဦးလောက်က ပါလာတယ်။ အဲဒီလူတွေက ဘယ်ကျေးရွာကလဲဆိုတာ ကျနော်တို့ မသိရဘူး”လို့ သူက ဆိုပါတယ်။

ပစ်ခတ်မှုကို Black Eagle  Drone Force အဖွဲ့နဲ့ TGR Women Drone Force တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ ဇူလိုင် ၂၅ ရက်ကလည်း Black Eagle Defence Force – MMU တပ်ဖွဲ့ဟာ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးသွားတယ်လို့လည်း ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မြင်းမူမြို့နယ် #စစ်ကောင်စီ #ဒရုန်း #BlackEagleDroneForce #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10