မြင်းမူမြို့နယ်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးမှုများနိုင်

မြင်းမူမြို့နယ်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးမှုများနိုင်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်သုံးဆင့်ရွာက ဘုန်းကြီးကျောင်းဆောက်မယ့် ပိုက်ဆံတွေလုယူပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၅ ဗိုလ်ကောက်ရိုးအဖွဲ့မှ တပ်စိတ်မှူးရဲဘော်ရာမ က ပြောပါတယ်။

မြင်းမူမြို့နယ်၊ ခွက်ခွင်းရွာကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကို ဇူလိုင် ၁၃ ရက် ဒီမနက် ၄ နာရီခွဲလောက်မှာ မြင်းမူ-အရာတော်လမ်းရှိ ခွက်ခွင်းရွာထိပ်ဇရပ်အနီးကနေ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ပေ ၁၀၀ လမ်းမပေါ်ကို စကစ စစ်ကြောင်း တပ်စိတ် ၂ စိတ်က အင်အား ၂၀ လောက်နဲ့ ကျနော်တို့ စောင့်နေတဲ့ နေရာကိုရောက်လာတာမှာ ကျနော်တို့က လမ်းဘေးမြောင်းထဲကနေ အနီးကပ် လက်နက်ငယ်တွေနဲ့ ပစ်တာ" လို့ ရဲဘော်ရာမက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကန်သုံးဆင့်ရွာကနေ မနေ့ညဦးပိုင်းက ထွက်လာတာဖြစ်ပြီး မဟာမိတ်တပ်ဖွဲ့တွေ  ခွက်ခွင်းရွာဇရပ်မှာ ရှိမယ်အထင်နဲ့ အတန်းလိုက်ခြေလျင်လာချိန်မှာ တိုက်ခိုက်ခံရကာ သေဆုံးအလောင်းတွေကိုတော့ လမ်းပေါ်မှာ စုပုံနေတယ်ဆိုပြီး ကင်းထောက်တွေဆီက ပြန်ကြားရတယ်လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ ဗိုလ်ကောက်ရိုးအဖွဲ့၊ ကျောက်ဆည်ခရိုင် နဂါးနီ တပ်ရင်း ၁၊ မြင်းခြံ တပ်ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့)နဲ့ ဆားတောင်မိုးကြိုး တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ 

“ကျနော်တို့ ၃ ရက် မအိပ်မနေ ကင်းပုန်းဝတ်စောင့်ပြီးတော့ အနီးကပ် ပေ ၃၀ အကွာကနေ ချောင်းပြီးပစ်ခဲ့တာ၊ ** ၃၂ ကောင်သေတယ်၊ မနေ့ကညက ကံသုံးဆင့်ရွာကို အခြေပြုပြီးတော့ ခွက်ခွင်းဘက်ကို ထိုးလာတဲ့အချိန်မှာ ကျနော်တို့က လမ်းလျှိုထဲကနေ ၃ ရက်ကြာ ကင်းပုန်းဝပ်ပြီး မစ်ရှင်ကို ဆောင်ရွက်ခဲ့တာ၊ ထိတွေ့မှုက နာရီဝက်လောက်ဖြစ်ပါတယ်” လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင် ဗိုလ်သက်ကြီးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အယောက် ၃၀ လောက်သေဆုံးခဲ့တယ်ဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ ကဖြစ်ပြီး၊ သေဆုံးအလောင်းတွေကို ခွက်ခွင်းရွာထဲမှာပုံထားပြီး ဒဏ်ရာရတဲ့ စစ်‌သားတွေကို ဆေးကုသမှုလုပ်နေတယ်လို့ ဆိုပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #မြင်းမူ #စစ်ကောင်စီ #တိုက်ခိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10