မြင်းမူမြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို Drone ၂ စီးနဲ့ သွားရောက်ပစ်ခတ်

မြင်းမူမြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို Drone ၂ စီးနဲ့ သွားရောက်ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက ဇူလိုင်လ ၂ ရက် မနေ့ကနေ့လယ် ၁ နာရီခွဲလောက်မှာ Share Htoo Waw Drone (မောင်းသူမဲ့လေယာဉ်) ၂ စီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မြင်းမူမြို့မရဲစခန်းထဲကို Drone ဗုံးသီး ၂ လုံးပစ်ခတ်တိုက်ခဲ့ပြီး အဲဒီနေရာနဲ့ ပေ ၃၀၀ အကွာမှာရှိတဲ့ မြို့နယ်ထွေအုပ်ရုံးကိုလည်း ဗုံးသီး ၂ လုံးနဲ့ တရက်တည်းမှာပဲ သွားရောက်ပစ်ခတ်ခဲ့ပါတယ်။ သွားရောက်ပစ်ခတ်ခဲ့ချိန် ရဲစခန်းကနေလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့ ရဲစခန်းထဲကို ပထမတလုံး Drone နဲ့ပစ်ချလိုက်တော့ သူတို့ဘက်က လက်နက်ကြီးတလုံး လက်နက်ငယ်တွေ နဲ့ Drone ကိုပြန်ပစ်ပါတယ်။ အဲဒါနဲ့  ဒုတိယတလုံးကို ထပ်ပစ်တယ်။ နောက်ထပ် ထွေအုပ်ရုံးကို Drone နဲ့သွားချတော့ သူတို့ဘက်ကပြန်ပစ်တာမျိုးတော့ မရှိတော့ဘူး”လို့ CDSOM အနောက်ပိုင်း တိုက်ခိုက်ရေးအဖွဲ့ - 001 တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

ပစ်ခတ်မှုတွေပြုလုပ်ပြီးတဲ့နောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထွက်ပေါက်ပိတ်မှာ စိုးတာကြောင့် ပစ်ခတ်မှုပြီးတာနဲ့ ချက်ချင်းလှည့်ထွက်လာရတဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက် သေဆုံးတာတွေနဲ့ ပတ်သက်ပြီး အတိအကျမသိရှိသေးဘူးလို့လည်း ဆိုပါတယ်။

“ကျနော်တို့ လုပ်ငန်းလုပ်ပြီးတာနဲ့ ချက်ချင်းပြန်ရတယ်။ ဘာလို့လဲဆိုတော့ အဲဒီလမ်းက တလမ်းတည်းရှိတာ။ တကယ်လို့ မပြန်ဘူးဆိုရင် အဲဒီလမ်းကို သူတို့(စစ်ကောင်စီ)က ပိတ်လိုက်ရင် ကျနော်တို့မှာ ပြန်မဲ့လမ်းမရှိတော့ဘူး။ အဲ့ဒါကြောင့် လုပ်ငန်းပြီးတာနဲ့ချက်ချင်းပြန်တော့ ထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်ပြီး အတိအကျမသိရသေးဘူး” လို့ ကိုနွေဦးက ဆက်ပြောပါတယ်။

ပစ်ခတ်မှုကို CDSOM အနောက်ပိုင်း ၀၀၁ အဖွဲ့၊ Myinmu Civil Revolution Force၊ စစ်ကိုင်းခရိုင် ပလဖ (အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့)၊ မြင်းမူ ပကဖ၊ မြင်းမူ ကိုလမ်းဗိုလ် နဲ့ အဖွဲ့တို့ နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မြင်းမူ #Drone #စစ်ကောင်စီ #ရဲစခန်း #ထွေအုပ်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10