မြစ်သာမြို့နယ်ထဲက ရေဘေးသင့် ၁၅၀၀ ကျော် ၁ လနီးပါးကြာတဲ့ထိ နေအိမ်မပြန်နိုင်သေး

မြစ်သာမြို့နယ်ထဲက ရေဘေးသင့် ၁၅၀၀ ကျော် ၁ လနီးပါးကြာတဲ့ထိ နေအိမ်မပြန်နိုင်သေး

မန္တလေးတိုင်း၊ မြစ်သာမြို့နယ်ထဲက ရပ်ကွက်အချို့နဲ့ ကျေးရွာပေါင်း ၃၀ ကျော်က ရေဘေးသင့်ပြည်သူတွေ ၁ လနီးပါးကြာတဲ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

မြစ်သာမြို့နယ်ထဲက မြို့ပေါ်ရပ်ကွက်အချို့နဲ့ ကျေးရွာတွေက လူဦးရေ ၁၅၀၀ ကျော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကစပြီး ရာဂိမုန်တိုင်းအရှိန်ကြောင့် မိုးများကာရေကြီးခဲ့ပြီးနောက် အခုအချိန်အထိ အိမ်မပြန်ကြရသေးတာပါ။

"ကျမတို့ဆို ခု ၂၅ ရက်ရှိပြီ အိမ်တောင်ပြန်ကြည့်လို့ မရဘူးလေ။ ရေက ၅ ပေလောက်ရှိသေးတာ။ ခုတော့တဲထိုးနေနေရတာပဲ။" လို့ မြစ်သာမြို့ပေါ်  အောင်သပြေဘူတာရပ်ကွပ်နေ အမျိုးသမီးတဦးက ပြောပါတယ်။

မြစ်သာမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အောင်သပြေဘူတာရပ်ကွက်နဲ့ သမတန်း၊ လက်ပံဆိပ်၊ ဥသျှစ်ကုန်းကျေးရွာတွေက ရေဘေးသင့်ပြည်သူတွေအားလုံးဟာ မြစ်သာမြစ်ကိုကာထားတဲ့ ရေကာတာပေါ်နဲ့ ကုန်းမြင့်ပိုင်းတွေမှာ မိုးကာစ၊ တာပေါ်လင်စတွေနဲ့ ယာယီတဲထိုးနေထိုင်နေကြရတာလို့ ဆိုပါတယ်။

ကင်းတာဆည်က ရေလွှတ်နေဆဲဖြစ်သလို ပန်းလောင်မြစ်လည်း ရေမြင့်တက်နေတာကြောင့် မြစ်သာမြစ်ရေ ပြန်မကျသေးတဲ့အတွက် သူတို့အားလုံး နေရပ်ပြန်မရကြသေးတာပါ။

ရက်ကြာလာတာနဲ့အမျှ အလှူရှင်နည်းပါးလာတာကြောင့် ရှိတဲ့ပစ္စည်းတွေ ရောင်းချ၊ ချေးငှားစားနေရတဲ့အတွက် စားဖို့ခက်ခဲလာပြီး အောက်တိုဘာ ၄ ရက်ကတော့ မြို့နယ်က အိမ်ထောင်စုစာရင်းနဲ့  ၁ အိမ်ထောင် ဆန် ၄ ပြည် လာဝေတယ်လို့ အဲ့ဒီအမျိုးသမီးက ဆက်ပြောပါတယ်။

အောင်သပြေဘူတာရပ်ကွက်နေသူအများစုဟာ ကျေးရွာတွေဘက်ကို ဆိုင်ကယ်နဲ့စျေးသွားရောင်းတဲ့အလုပ် လုပ်ကိုင်နေကြတာဖြစ်ပြီး ရေကြီးနေလို့ အလုပ်အကိုင်လည်းမရှိဘူးလို့ သိရပါတယ်။

အလားတူ အဲ့ဒီရပ်ကွက်နဲ့ ၂ မိုင်ခန့်သာဝေးတဲ့ သမတန်း၊ ဥသျှစ်ကုန်း၊ လက်ပံဆိပ်ကျေးရွာတွေလည်း ရေကြီးနစ်မြုပ်နေဆဲဖြစ်လို့ အချို့သာပြန်လည်နေထိုင်နေကြသေးတယ်လို့ သိရပါတယ်။

"သနားစရာကောင်း ဖြစ်သလိုနေဖြစ်သလိုစားသောက်နေရ၊ အလှူရှင်တွေကြောင့် စားနေရ၊ အခုရွာက တရွာနဲ့တရွာ သိပ်မဝေးပါ၊ အလှူရှင်တွေကို လာကြည့်စေချင်ပါတယ်။ လိုင်းပေါ်တင်ပေးလို့ အလှူရှင်များ ရောက်လာတာ။" လို့ မြစ်သာမြို့နယ် ရေဘေးကူညီကယ်ဆယ်ရေးတွေကို လုပ်ကိုင်ပေးနေတဲ့ ဒေသခံတဦးက ဆိုပါတယ်။

မြစ်သာမြို့နယ်အတွင်းမှာ စက်တင်ဘာ ၁၀ ရက်ကစပြီး ရေဘေးသင့်ခဲ့တဲ့ အိမ်ထောင်စုပေါင်း ၁၄၀၈ စုထဲက အိမ်ထောင်စု ၅၀၈ စုခန့်က လူဦးရေ ၁၅၀၀ကျော်ဟာ နေအိမ်တွေကို ဒီနေ့အထိ မပြန်နိုင်ကြသေးတာလို့ ဆိုပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မန္တလေး #မြစ်သာ #မြစ်သာမြစ် #ရေဘေး #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10