မြနန္ဒာမြေကွက်ရောင်းချမှု ပြည်သူတွေ ရောင်းမှားဝယ်မှား မဖြစ်အောင် နတ်တလင်း PDF က အသိပေး

မြနန္ဒာမြေကွက်ရောင်းချမှု ပြည်သူတွေ ရောင်းမှားဝယ်မှား မဖြစ်အောင် နတ်တလင်း PDF က အသိပေး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့ပေါ်မှာ စစ်ကောင်စီထောက်တိုင်လို့သတင်းကြီးသူပိုင်တဲ့ မြနန္ဒာ မြေကွက်ရောင်းချမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေကိုရောင်းမှားဝယ်မှား မဖြစ်စေဖို့ အသိပေးစာထုတ်ပြန်ခဲ့တယ်လို့ နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

နတ်တလင်းမြို့၊ ရန်ကုန် - ပြည်လမ်း ဘောလုံးကွင်းရှေ့က ကိုထွန်းဇော်(ခ)ကိုပေါက်ရဲ့ မြနန္ဒာမြေကွက်ရောင်းချနေမှုနဲ့ ပတ်သက်ပြီး Myanmar Revolution Force - MRF Nattalin ကဇွန်လ ၂၄ ရက်က ကြေညာချက်အမှတ် ၇/၂၀၂၃ နဲ့ အသိပေးစာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

"ကျနော်တို့ကတော့ တော်လှန်ရေးရဲ့တာဝန်အရ ထွန်းဇော်ကို အလိုရှိတဲ့ရာဇဝတ်သားဆိုတာ စာရင်းထည့်ထားပြီးပါပြီ၊။ ထိရောက်တဲ့အရေးယူမှုတွေက အသင့်ရှိထားပြီးသားမို့ ပြည်သူတွေရောင်းမှား ဝယ်မှားမဖြစ်အောင် ကြိုအသိပေးရုံပါပဲ" လို့ နတ်တလင်းမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက ပြည်သူတွေတော်လှန်ရမယ့် တပ်မ ၆၆ ကစစ်သားတွေကို ကရင်နီနယ်က ချေမှုန်းပေးခဲ့ပေမယ့် ကျေးဇူးတင်ရမှန်းမသိဘဲ စစ်ကောင်စီထောက်တိုင်ရဲ့မြေကွက်ကိုသာ အချောင်သမားစိတ်နဲ့ အားပေးချင်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ကိုထွန်းဇော်(ခ)ကိုပေါက်ဟာ စစ်အာဏာရှင်အဆက်ဆက် လူကြီးလူကောင်းသဖွယ် အယောင်ဆောင်ကာ နောက်ကွယ်မှာတရားမဝင် လောင်းကစား၊ မူးယစ်ဆေးဝါးတွေလုပ်ကိုင်နေတဲ့သူ ဖြစ်တဲ့အပြင် မြို့ပေါ်က ဒီမိုကရေစီအရေး ထောက်ခံတဲ့သူတွေ၊ ကျောင်းသားလူငယ်တွေကို ဘဝပျက်အောင်၊ စိတ်ဒဏ်ရာတွေရအောင် ထောင်ထဲထည့်ခိုင်းသူလည်းဖြစ်တယ်လို့ ဆိုပါတယ်။

မြေကွက်ရောင်းချရာမှာ ပေ ၄၀ × ၆၀ ​နဲ့  ၂၆ ပေ × ၉၈ ပေ စတဲ့ မြေကွက် ၂၄ ကွက်ပါဝင်ပြီး အခု ဇွန်လ ၄ ရက်က စတင်ရောင်းချခဲ့တာဖြစ်ပြီး  မည်မျှရောင်းချထားတယ်ဆိုတာကိုတော့ မြေလတ်အသံက မသိရှိရပါဘူး။

နတ်တလင်းမြို့ခံတဦးကတော့ MRF Nattalin ရဲ့ ကြေညာချက်ထွက်လာချိန်ကစလို့ ခြံကွက်အရောင်းအဝယ်မဖြစ်ဘဲ ဝယ်ယူသူလည်းမရှိသလို ကိုထွန်းဇော်ကိုယ်တိုင် နေအိမ်အပြင်ကို မထွက်ရဲတော့ဘူးလို့လည်း ဆိုပါတယ်။ 

ကိုထွန်းဇော်(ခ)ကိုပေါက်ဟာ  ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ နတ်တလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ၂၀၁၅ မှာ အမျိုးသားလွှတ်တော်နေရာနဲ့ ၂၀၂၀ မှာပြည်သူ့လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။

ဒါအပြင် ကိုထွန်းဇော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာလည်း ပါဝင်သူဖြစ်တယ်လို့ သိရပါတယ်။

 

ပုံစာ - အိမ်ယာစီမံကိန်းပိုစတာအား အမွှေးနံ့သာပက်ဖြန်းနေသည့် ဦးထွန်းဇော် (အင်္ကျီအနီ ဝတ်ဆင်ထားသူ)

 

စာတည်း-  နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #နတ္တလင်း #ကြံ့ခိုင်ရေးပါတီ #စစ်ကောင်စီထောက်တိုင် #မြေယာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10