သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့ဟာ မြန်မာနိုင်ငံအတွက်ဝါချည်မျှင် အားထားရတဲ့ ဒေသတခုဖြစ်ပြီး ယခုနှစ်မိုးနှောင်းကာလ မိုးများခဲ့လို့ အပင်ကြီးထွားနှုန်းနဲ့ အသီးပွင့်လိုက် အားနည်းခဲ့တယ်လို့ ဒေသတွင်းတောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန် ဇူလိုင်လဆန်းမှာ စတင်စိုက်ပျိုးခဲ့တဲ့ မိုးဝါတွေဟာ အပင်ကြီးထွားချိန်နဲ့ အသီးအပွင့်စတင်လိုက်ချိန် စက်တင်ဘာလလယ်ပိုင်းကနေစတင်ကာ မိုးအများအပြားရွာသွန်းခဲ့လို့ အပင်သေးကွေးပြီး အသီးအပွင့်တွေလည်း မိုးမိကာ လေလွင့်ဆုံးရှုံးမှုများခဲ့တယ်လို့ သိရပါတယ်။
"အခုနှစ်က မိုးများနေတော့ အပင်အဖြစ်အသန်နည်းတယ်။ အပင်ပုပုလေးနဲ့ အသီးအပွင့်လိုက်နေပြီ။ တကယ်လို့ မိုးတအားဆက်ရွာနေရင် အပွင့်တိုင်းတင်ဖို့မလွယ်ဘူး။ မိုးများတော့ အခုချိန်ထိ အသီးဝင်တဲ့အထိကို ပေါင်းမြက်က အပြီးမသတ်နိုင်ဘူး။" လို့ ဝက်ထီးကန်က ဝါစိုက်တောင်သူတဦးက ပြောပါတယ်။
လက်ရှိကာလ အောက်တိုဘာလကုန်မှာတော့ ဝါပွင့်ကောက်ရမယ့်အချိန်ဖြစ်ပေမယ့် အပွင့်လိုက်နှုန်းနည်းနေတယ်လို့ ဆိုပါတယ်။
"ဝါက မိုးများလွန်းတာ မကြိုက်ဘူး၊ အပင်ကောင်း နည်းတာ။" လို့ တောင်သူတဦးကလည်း ပြောပါတယ်။
ယခင်နှစ်က ဝါအထွက်ကောင်းခဲ့တဲ့ စိုက်ကွက်တွေမှာတော့ ၁ ဧကကို ပိဿာချိန် ၆၀၀ အထိ ထွက်ခဲ့ပြီး ၁ ပိဿာကို ၃၀၀၀ ကျပ်ရခဲ့တဲ့အတွက် တောင်သူတွေ သင့်တင့်တဲ့အမြတ်နှုန်းရခဲ့ပြီး အခုနှစ်မှာတော့ အရင်စံချိန်ကို မမီနိုင်ဘူးလို့ သိရပါတယ်။
ဝါ ၁ ဧကအတွက် ပျမ်းမျှသွင်းအားစုစရိတ် စုစုပေါင်း ၁၀ သိန်းဝန်းကျင်ကုန်ကျပြီး အခုနှစ်မှာတော့ ဓါတ်မြေဩဇာနဲ့ ပိုးသတ်ဆေးခ ကြီးမြင့်လာတဲ့အတွက် ကုန်ကျစရိတ်ပိုများတယ်လို့ တောင်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စက်တင်ဘာလ ဒုတိယပတ်က ရာဂိမုန်တိုင်းတိုက်ခတ်လို့ တိုင်းနဲ့ပြည်နယ် အများအပြားမှာ လူသေဆုံးမှုများပြားခဲ့သလို ပျက်စီးမှုနှုန်းလည်းများပြားရာမှာ ပဲခူးတိုင်းအရှေ့ခြမ်းလည်း ပါဝင်ခဲ့ပြီး ပဲခူးတိုင်းအနောက်ခြမ်းမှာလည်း စက်တင်ဘာလလယ်ကတည်းက မိုးသည်းထန်စွာရွာသွန်းမှု ရက်ဆက်ဆိုသလိုဖြစ်ပွားနေတာပါ။
ပြည်မြို့နယ်၊ ဝက်ထီးကန်၊ သစ်ချိုပင်အုပ်စုမှာရှိတဲ့ ဝါစိုက်ခင်းတွေဟာ နဝတခေတ်ကနေ ယနေ့ခေတ်ကာလအထိ အုပ်ချုပ်သူအဆက်ဆက် ဝန်ကြီးအဆင့်တွေ လာရောက်ကွင်းဆင်းလေ့လာပြီး စီမံကိန်းသီးနှံ ဝါစိုက်ပျိုးရာဒေသအဖြစ် အားထားခဲ့ရာဒေသတခုလည်း ဖြစ်ပါတယ်။
ဝါစိုက်ပျိုးမှုအဖြစ် မိုးကြိုဝါ၊ မိုးဝါနဲ့ မိုးနှောင်းဝါဆိုပြီး ဒေသအလိုက် စိုက်ပျိုးကြပြီး အထွက်နှုန်းကောင်းတဲ့ရွှေတောင် ၁၀ နှင့် Raka 666 မျိုးတွေကို စိုက်ပျိုးကြတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
လက်ရှိ စစ်ကောင်စီကတော့ ၂၀၂၂-၂၀၂၃ နဲ့ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းကာလအဖြစ် သတ်မှတ်ထားပြီး စီမံကိန်းနဲ့ပတ်သက်ပြီး မတ်လ လဆန်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်အားပေး စိုက်ပျိုးခိုင်းထားတဲ့ သီးနှံလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဝါစိုက်ပျိုးရေးဒေသတွေအဖြစ် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးတွေနဲ့ ရှမ်းပြည်နယ်၊ နေပြည်တော်တို့မှာ စိုက်ပျိုးနေပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ဝါစိုက်ဧက ၆၁၂၇၁၂ ဧက စိုက်ပျိုးကာ ၁ ဧက အထွက်နှုန်း ၁ ဧက ပိဿာချိန် ၇၀၀ ထွက်ရှိဖို့ ကြိုးစားသွားမယ်လို့ စစ်ကောင်စီက ကြွေးကြော်ထားပါတယ်။
ဓါတ်ပုံ - ပြည်ခရိုင်တွင်း ဝါစိုက်ပျိုးခူးဆွတ်နေကြသည့် တောင်သူများ။ (ပုံဟောင်း)
#မြေလတ်အသံ
#ပဲခူး #ပြည် #ဝက်ထီးကန် #ဝါအထွက်နှုန်းကျဆင်း
Share Share Share