မြိုင်က ပကဖစခန်းတခု မီးရှို့ခံရပြီး ရဲဘော်တဦးနဲ့ ပြည်သူတဦးပါ ပစ်ခတ်ခံရပြီးသေဆုံး

မြိုင်က ပကဖစခန်းတခု မီးရှို့ခံရပြီး ရဲဘော်တဦးနဲ့ ပြည်သူတဦးပါ ပစ်ခတ်ခံရပြီးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အိုရင်းကျေးရွာအနီးရှိ ဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်တွေက စီးနင်းမီးရှို့ခဲ့တဲ့အပြင် ကာကွယ်ရေးရဲဘော်တဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး အမျိုးသားတဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။ 

အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းက စက်တင်ဘာလ ၂၃ ရက်မနက် ၆ နာရီလောက်မှာ စတင်ဝင်ရောက်လာချိန် လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဒေသခံတွေကို ကယ်ထုတ်ပေးနေတဲ့ ဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၇ နှစ်အရွယ် ရဲဘော်သောကြာ ကျည်ထိမှန် သေဆုံးခဲ့တာပါ။  

စစ်ရှောင်တွေကိုကူညီဖို့ ကျနော်တို့ ရဲဘော် ၂ ယောက်ကိုချန်ထားတာ။ အဲဒီမှာ စစ်ကောင်စီတွေက လက်နက်ကြီးတွေနဲ့ ပစ်ပြီးဝင်လာတော့ ရဲဘော်သောကြာက လည်ပင်း အဓိကထိတာပါ။ ဒဏ်ရာကတော့ လေးနေရာလောက်ထိတယ်လို့  ဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။  

ရဲဘော်သောကြာရဲ့အလောင်းကို ပြန်တွေ့ချိန်မှာတော့ ကျည်ထိဒဏ်ရာအပြင် ဗိုက်မှာ သေနတ်ပြောင်းပူနဲ့ထိုးသွင်းခံရတဲ့ ဒဏ်ရာတွေကိုပါ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသက် ၆၀ အရွယ်အမျိုးသားတဦးကိုလည်း စစ်အုပ်စုက ပစ်သတ်ခဲ့ပြီး နောက်ထပ်အမျိုးသား ၃ ဦးကိုလည်း တနေ့တည်းမှာတင် ဖမ်းဆီးသွားခဲ့ကာ သေဆုံး အလောင်းတွေကိုတော့ အဲ့ဒီနေ့မှာတင် သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။  

စစ်ကြောင်းထွက်ထွက်ချင်း ရွာထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို ပြန်ခေါ်ထုတ်တယ်။ စစ်ကြောင်းက ပြန်ဝင်လာနိုင်တာကြောင့် ရဲဘော်သောကြာနဲ့အတူ ရွာသားတဦးကိုလည်း အရေးပေါ်သင်္ဂြိုဟ် ပေးလိုက်ရတယ်  လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီနောက် နေ့လယ် ၁ နာရီလောက်မှာတော့ စစ်ကြောင်းက ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာထဲကို ပြန်ဝင်သွားပြီး နောက်တရက် စက်တင်ဘာ ၂၄ ရက်မှ ထပ်မံစစ်ကြောင်းထိုးကာ စိုးတွင်းရွာကနေတဆင့် ဂဠုန်ပြည်သူ့ကာ ကွယ်ရေးတပ်စခန်းကိုဝင်ရောက် မီးရှို့ခဲ့တာဖြစ်ပါတယ်။ 

သူတို့ရောက်မလာခင် ကျနော်တို့ ကြိုတင်ရှောင်ထားတာ။ စခန်းထဲမှာရှိတဲ့ တဲ လေးလုံးကို မီးရှို့သွားတယ်။ စခန်းထဲမှာ ကျနော်တို့ပြန်ပြီးမသိမ်းနိုင်တဲ့ ဆိုလာတွေ၊ ယမ်းတွေ၊ မိုင်းတွေကို မီးရှို့သွားတယ်လို့ ဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုပါတယ်။ 

စခန်းမီးရှို့ခံရတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး စစ်အုပ်စုကတော့ ဒေသခံအချို့ကိုဖမ်းဆီးကာ အိုရင်းရွာထဲမှာ အထိုင်ချ နေထိုင်နေတယ်လို့ သိရပါတယ်။

စာတည်း - လင်း  

#မြေလတ်အသံ 

#မကွေး #မြိုင် #အိုရင်း #ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #စီးနင်းမီးရှို့ #ဒေသခံ #ရဲဘော် #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10