မြိုင်က ပျူစောထီးတွေ ၂ ကြိမ်တိုက်ခိုက်ခံရလို့ ၁ ဦးသေ၊ ကားပါ မီးရှို့ခံရ

မြိုင်က ပျူစောထီးတွေ ၂ ကြိမ်တိုက်ခိုက်ခံရလို့ ၁ ဦးသေ၊ ကားပါ မီးရှို့ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာက ပျူစောထီးတွေကို မေလ ၁၁ ရက် မနေ့ကတရက်တည်းမှာတင် ဒေသခံကာကွယ်ရေးတပ်တွေက ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူ ၁ ဦးသေဆုံးပြီး ကား ၁ စီးပါ မီးရှို့ဖျက်စီးခံခဲ့ရတယ်လို့ သိရပါတယ်။

မနေ့ကမနက် ၇ နာရီလောက်မှာ သရက်ကန်ရွာကပျူစခန်းကို ကင်းစောင့်မယ့်ပျူစောထီးတွေလာနေချိန် စခန်းအနီးကနေ အသင့်ထောင်ထားတဲ့ မိုင်းနဲ့ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။


"မိုင်းက သူတို့တွေ ကင်းရုတ်သွားတဲ့အချိန် ညပိုင်းတွေမှာ ထောင်ထားလိုက်တာ။ သူတို့ ကင်းပုန်းလာစောင့်တဲ့ အချိန်မျိုးတွေမှာ မိုင်းဆွဲတိုက်ချလိုက်တာပါဗျ။ ကိုလတ်ဆိုတဲ့ ပျူတယောက်သေတယ်"လို့ သူက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ နေ့လယ် ၂ နာရီလောက်မှာပဲ သရက်ကန်ရွာကနေ ပခုက္ကူဘက်ကို ရိက္ခာပို့ဖို့အတွက် ဖောကားတစီးနဲ့လာတဲ့ ပျူ၊ စစ်သားပူးပေါင်းအဖွဲ့ကို သရက်ကန်နဲ့တွင်းမရွာကြားအရောက် ဒုတိယအကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားနဲ့ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်စီးခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်ပကဖ တပ်ခွဲ-၂) တာဝန်ခံ ကိုထွန်းက ပြောပါတယ်။

"မနေ့ကတော့ ကားကိုမိုင်းဆွဲတော့ ကားထားပြီးထွက်ပြေးသွားတယ်။ ပျူနဲ့စစ်သား ၁၀ ယောက်ပါတယ်။ ကားတော့ မီးရှို့ဖျက်စီးလိုက်တယ်ဗျ။ ကားပေါ်ကတော့ လက်နက်ပစ္စည်းမရလိုက်ပါဘူး"လို့ ဆိုပါတယ်။

ကားပေါ်ပါလာတဲ့ ပစ္စည်းတွေဟာ စစ်သားနဲ့ပျူတွေ ရွာတွေကိုစစ်ကြောင်းထိုးချိန် ပြည်သူတွေဆီကယူခဲ့တဲ့ အဝတ်အထည်၊ အိုးခွက်ပန်းကန်နဲ့ စားနပ်ရိက္ခာအချို့ဖြစ်ပြီး အဲ့ဒီပစ္စည်းတွေကို ပခုက္ကူမြို့ပေါ်က စစ်ကောင်စီတပ်ရင်းတခုကို သွားပို့တာလို့လည်း သိရပါတယ်။ အဲ့ဒီပစ္စည်းတွေကိုလည်း ကားနဲ့အတူ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ တပ်ခွဲ ၁၊ ဂဠုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၂၊ ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့၊ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့၊ ဘီလုံးငှက်တပ်ဖွဲ့၊ TYK ပြောက်ကျားတပ်ဖွဲ့နဲ့ ဧရာအနောက်တပ်ဖွဲ့ဝင်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေအနေနဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်ကလည်း အိုရင်းရွာကထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အိုရင်းရွာမြောက်ဘက်အရောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ဒဏ်ရာရပြီး၊ ၄၀ မမ ဗုံးသီး ၈ လုံး သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10