မြိုင်နယ်က ဆေးရုံနဲ့ကုသရေးပစ္စည်းတွေ မီးရှို့ဖျက်ဆီးခံရပြီး ဆေးကုနေသူတွေကို စစ်ကောင်စီက ဖမ်းဆီးထား

မြိုင်နယ်က ဆေးရုံနဲ့ကုသရေးပစ္စည်းတွေ မီးရှို့ဖျက်ဆီးခံရပြီး ဆေးကုနေသူတွေကို စစ်ကောင်စီက ဖမ်းဆီးထား

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ရွာမှာ တည်ရှိတဲ့ ဆေးရုံကို ယနေ့ ဧပြီလ ၁၈ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့သလို မြေပြင်စစ်ကြောင်းတွေကလည်း ကုသရေးပစ္စည်းတွေကို မီးရှို့ ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

Mi-35 ရဟတ်ယာဉ်တစီးနဲ့ မန်ကျည်းကန်ရွာထဲကို လေကြောင်းနဲ့ မိနစ် ၂၀ ခန့် ပစ်ခတ်ခဲ့ပြီးနောက် Mi-17 ၂ စီးထပ်မံယောက်ရှိလာကာ ရွာထဲကို လူအင်အား ၇၀ နီးပါးချသွားတယ် လို့ မြိုင်မြို့နယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။


"ဆေးရုံကတော့ မီးရှို့ဖျက်ဆီးခံနေရလို့ ကျနော်တို့ဝယ်ထားတဲ့ ဓာတ်မှန်စက်တွေ ဆုံးရှုူံးသွားတယ်လို့ သိရတယ်။ နောက်တခုကြားသိရတာက ကွန်ဖန်းတော့ မဖြစ်သေးဘူး။ အသက်မပြည့်သေးတဲ့ ကလေးတဦး လက်နက်ထိသွားတယ်လို့တော့ ကြားတယ်။ ကွန်ဖန်းတော့ မဖြစ်သေးပါဘူး” သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့တွေဟာ မန်ကျည်းကန်ရွာထဲကိုဝင်လာပြီး ဆေးရုံထဲမှာရှိတဲ့ ဓာတ်မှန်စက်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့အပြင်၊ ဆေးရုံတက်နေတဲ့ လူနာ ၉ ဦးကိုဖမ်းဆီးထားပြီး အဲဒီ ၉ ဦးထဲက ၄ ဦးကိုပြန်လည်လွတ်ပေးလိုက်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ဆက်ပြောပါတယ်။

"တော်လှန်ရေးကာလမှာမှ နိုင်ငံတကာကထောက်ပံ့မှုနဲ့ စိတ်ဝင်စားတဲ့ ဆရာဝန်၊ ဆရာမတွေ ဝန်ထမ်းတွေနဲ့ ဖွင့်ထားတာပါ။ ဆေးရုံအသစ်ပါပဲ။ မြိုင်မြို့နယ်မြောက်ပိုင်းမှာ အုပ်စုရွာအကြီးကြီး လူဦးရေများလို့ ပြည့်သူဆေးရုံပုံစံမျိုးထိုင်ပေးထားတာ။ နောက် ဆေးရုံကို ပေါ်ပေါ်တင်တင်ကြီး ထိုင်ထားပြီး PDF တွေကိုကုတယ်ဆိုရင်လည်း အန္တရာယ်ရှိတာကို။ ဒါက ပြည်သူလူထုကို အဓိကဝန်ဆောင်မှုပေးတဲ့ ဆေးရုံပါဗျာ။" လို့ သူကဆိုပါတယ်။

တော်လှန်ရေးနဲ့ပတ်သက်သူတွေကို ကုပေးနေတယ်ထင်ပြီး စစ်ကောင်စီက လာရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လမ်းညွှန်မှုနဲ့ နိုင်ငံတကာက ထောက်ပံ့ပေးကာ အများပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ နေရာတခုသာ ဖြစ်တယ်လို့ သိရပါတယ်။

ဆေးရုံက သူနာပြုတွေ၊ဆရာဝန်တွေ ဆရာမတွေ၊ ဝန်ထမ်းတွေကို ဖမ်းဆီးထားတာမျိုးတော့မရှိဘူးလို့ သိရပါတယ်။

မန်ကျည်းကန်ရွာနဲ့ အဲဒီနေရာရဲ့ နှစ်မိုင်နီးပါးဝေးတဲ့ ကန်ကြီးရွာမှာ အုပ်စုတစုစီခွဲထားပြီး ကန်ကြီးရွာနေအိမ်တွေကို ယနေ့ညနေပိုင်းကစကာ မီးရှို့မှုစတင်ပြုလုပ်နေပြီလို့လည်း သိရပါတယ်။

မန်ကျည်းကန်ရွာဟာ အခုလိုလေကြောင်းနဲ့တိုက်ခိုက်ခံရတာ ပထမအကြိမ်ဖြစ်သလို လက်ရှိရွာထဲမှာလည်း ဒေသခံတချို့ ပိတ်မိနေတယ်လို့လည်း ဆိုပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10