မြိုင်နယ်က ဓားစားခံအဖြစ်ဖမ်းဆီးခံရတဲ့ ပြည်သူတွေ နေအိမ်ပြန်မရောက်ကြသေး

မြိုင်နယ်က ဓားစားခံအဖြစ်ဖမ်းဆီးခံရတဲ့ ပြည်သူတွေ နေအိမ်ပြန်မရောက်ကြသေး

မကွေးတိုင်း၊ မြိုင်နယ်က ဓားစားခံအဖြစ်ဖမ်းဆီးခံရတဲ့ ပြည်သူတွေဟာ အခုချိန်ထိ နေအိမ်ပြန်မရောက်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ပခုက္ကူဘက်ကနေ အင်အား ၁၀၀ ကျော်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ မြိုင်နယ်ထဲကကျေးရွာဖြစ်တဲ့ ပေါက်ပြင်းရွာ၊ ဂွေးပင်လယ်ရွာ နဲ့ သံပုရာခြံရွာတို့က ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူ အယောက် ၂၀ ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ပြည်သူတွေဟာ ပေါက်ပြင်းရွာက အမျိုးသား ၄ ဦး နဲ့ အမျိုးသမီး ၁ ဦး၊ ဂွေးပင်လယ်ရွာက အမျိုးသား ၁၂ ဦးနဲ့ သံပုရာခြံရွာက အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦးတို့ဖြစ်ပြီး အသက် ၃၀ ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

“သူတို့ကို ကန်နီရွာထဲကို ဖမ်းခေါ်သွားတာ။ အခုချိန်ထိ ဘာသတင်းမှမကြားသေးဘူး။ ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ ပေါက်ပြင်းရွာက အမျိုးသား ၃ ယောက်က ခရီးသွားတွေပါ၊ ကျန် ၂ ယောက်ကတော့ လင်မယားတွေပါ၊ အဲဒီရွာတွေက တရွာနဲ့ တရွာ မိုင်ဝက်လောက်ဘဲရှိတယ် လို့ မြိုင်ဒေသခံတဦးက ပြောပါတယ်။ 

ရွာသားတွေကို ဓားစားခံအဖြစ်ဖမ်းဆီးလာတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၆ ရက်က ပေါက်ပြင်းရွာပြင်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကိုနင်းမိခဲ့ပြီး ပေါက်ပြင်းရွာမှာ တညအိပ်တပ်စွဲခဲ့ကာ စက်တင်ဘာလ ၇ ရက် ဒီနေ့မနက် ၁၀ နာရီလောက်မှာတော့ ပေါက်ပြင်းရွာနဲ့ ၁ မိုင်လောက်ဝေးတဲ့ ကန်နီရွာထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ အဲ့ဒီကျေးရွာ ၃ ရွာက ပြည်သူတွေဟာ ကျေးရွာတွေထဲကို ပြန်ရောက်နေထိုင်ခြင်းမရှိသေးဘဲ နီးစပ်ရာကျေးရွာတွေနဲ့ တောတွေထဲမှာ နေထိုင်နေရတယ်လို့လည်း ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၄ ရက်ကလည်း ပခုက္ကူမြို့နယ်၊ မကျီးတန်းရွာကနေ ဓားစားခံအဖြစ် ဖမ်းခေါ်လာတဲ့ အသက် ၅၅ နှစ်အရွယ် ဦးဝင်းဌေးကို မြိုင်မြို့နယ်၊ ဆားလင်းကန်ကျေးရွာ နဲ့ သရက်ကွကျေးရွာအကြားမှာ သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေးတိုင်း #မြိုင်မြို့နယ် #စစ်ကောင်စီ #ပြည်သူလူထု #ဓားစားခံဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10