မြိုင်နယ်၊ နှမ်းဆီကန်ရွာကို မီးရှို့ပြီး ဒေသခံ ၃ ဦးကို ဖမ်းဆီး

မြိုင်နယ်၊ နှမ်းဆီကန်ရွာကို မီးရှို့ပြီး ဒေသခံ ၃ ဦးကို ဖမ်းဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့ပြီး ဒေသခံအမျိုးသား ၃ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ နွေဦးတော်လှန်ရေး - မြိုင် အဖွဲ့ဆီက သိရပါတယ်။ 

အင်အား ၁၂၀ ပါတဲ့စစ်အုပ်စုကို ဒီဇင်ဘာ ၁၉ ရက် မနေ့ကနေ့လယ် ၁ နာရီကျော်လောက်မှာ ဒေသခံကာကွယ်ရေးတပ်တွေက နှမ်းဆီကန်ရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ 

အဲ့ဒီနောက်မှာ စစ်အုပ်စုက နှမ်းဆီကန်ကျေးရွာမှာ တညအိမ်စခန်းချပြီး ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မနက် ၇ နာရီကျော်မှ နေအိမ်တွေကိုမီးရှို့ကာ အသက် ၆၀ အရွယ်အမျိုးသာား ၁ ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသား ၂ ဦးကို ဖမ်းဆီးထားတာလည်း ဖြစ်ပါတယ်။ 

“ရွာသားတွေကထွက်ပြေးရင်း စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံရတာ။ အဖမ်းခံရတဲ့ထဲမှာ အမျိုးသမီးတွေလည်း ပါတယ်။ အမျိုးသမီးကိုတော့ သူတို့ပြန်လွှတ်ပေးလိုက်တယ်။ အမျိုးသားတွေကိုတော့ ဖမ်းထားတယ်။ သူတို့(စစ်ကောင်စီ)တွေ ရွာထဲမှာ ရှိနေတုန်းပဲ” လို့ နွေဦးတော်လှန်ရေး - မြိုင်မှတာဝန်ရှိသူတဦးက ပြောပါတယ်။

အခုချိန်ထိလည်း စစ်ကောင်စီတပ်သားတွေက ကျေးရွာထဲမှာရှိနေသေးတဲ့အတွက် မီးလောင်သွားတဲ့အိမ်ခြေအရေအတွက်ကို တိတိကျကျမသိရသေးဘူးလို့ ဆိုပါတယ်။

ဒီစစ်အုပ်စုဟာ နှမ်းဆီကန်ရွာနဲ့ ၂ မိုင်နီးပါးဝေးတဲ့ သာစည်ကျေးရွာက ထွက်လာတာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်မှာလည်း သာစည်ကျေးရွာအနီးမှာ တိုက်ခိုက်ခံရတဲ့အတွက် အဲ့ဒီရွာက နေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကလည်း နှမ်းဆီကန်ရွာက နေအိမ် ၁၂ လုံးကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ပုံစာ - နိုဝင်ဘာ ၁၂ ရက်မှာ စစ်အုပ်စုက နှမ်းဆီးကန်ရွာကို မီးရှို့စဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #နှမ်းဆီကန် #စစ်ကောင်စီ #မီးရှို့ #ဒေသခံဖမ်းဆီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10