သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ အနောက်ပန်းတိုင်းတောရွာက ဒေသခံအမျိုးသားတဦးကို စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၃၀ ရက် မနေ့ညပိုင်းမှာ သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်အား ၈၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အနောက်ပန်းတိုင်းတောရွာထဲကို မနေ့ည ၇ နာရီလောက်က ဝင်ရောက်လာပြီး အသက် ၃၇ နှစ်အရွယ် ရွာသား ကိုနေအောင်ကို သတ်သွားသလို ရွာထဲက ဆိုင်ကယ် ၂ စီး နဲ့ ကားတစီးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
“ပန်းတိုင်းတောရွာက အရှေ့ရွာနဲ့ အနောက်ရွာရယ်လို့ ၂ ရွာရှိတယ်။ မနေ့ကတည်းက အရှေ့ရော အနောက်ကိုပါ ဝင်မွှေနေတာ။ သေဆုံးသွားတဲ့သူက စစ်***တွေနဲ့ ဘယ်လိုတွေ့ပြီး ဘယ်လိုအသတ်ခံလိုက်ရလဲဆိုတာတော့ ကျနော်တို့လည်း သေချာမသိရသေးဘူး”လို့ မြိုင်မြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
မြေလတ်အသံက ကြည့်ရှုခွင့်ရတဲ့ဓါတ်ပုံအရ သေဆုံးသူအမျိုးသားမှာ ဦးခေါင်းပွင့်ထွက်ပြီး ညာမျက်လုံးပါ ပေါက်ထွက်နေတာကို တွေ့ရပါတယ်။
အလောင်းကိုတော့ စစ်ကောင်စီတပ်သားတွေ ရွာကထွက်သွားချိန် ဒီမနက် ၄ နာရီလောက်မှ ရွာထဲကနေတွေ့ခဲ့ပြီး ချက်ချင်းဆိုသလို မိသားစုဝင်တွေက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီစစ်ကြောင်းဟာ ကံတော်၊ ဘုန်းကံ စတဲ့ကျေးရွာတွေဘက်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဘယ်တပ်ရင်း၊ တပ်မကလဲ ဆိုတာမသိရသေးသလို လက်ရှိမှာတော့ ပန်းတိုင်းတောရွာနဲ့ ၄ မိုင်ကျော်ဝေးတဲ့ တွင်းမ(ပျူရွာ)ထဲမှာ ရှိနေကြတယ်လို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်ခဲ့တဲ့ နောက်ဆက်တွဲ ပဋိပက္ခတွေကြောင့် ၂ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝှမ်းမှာ အရပ်သားသေဆုံးမှု ၈၆၀၀ ကျော်အထိရှိခဲ့တယ်လို့ သုသေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar က ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#သတင်း #မကွေး #မြိုင် #အနောက်ပန်းတိုင်းတော #စစ်ကောင်စီ #ဒေသခံ #သတ်ဖြတ်
Share Share Share