မြိုင်မြို့နယ် စိုင်ဂေါင်းရွာက နေအိမ် ၂ လုံး နဲ့ ဆိုင်ကယ် ၂ စီးကို စစ်တပ်ကမီးရှို့

မြိုင်မြို့နယ် စိုင်ဂေါင်းရွာက နေအိမ် ၂ လုံး နဲ့ ဆိုင်ကယ် ၂ စီးကို စစ်တပ်ကမီးရှို့

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ စိုင်ဂေါင်းရွာက နေအိမ် ၂ လုံးနဲ့ ဆိုင်ကယ် ၂ ဆီးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၈ ရက် ဒီနေ့ ၁၀ နာရီလောက်မှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ နွေဦးတော်လှန်ရေးမြိုင်ဆီက သိရပါတယ်။ 

အင်အား ၇၀ ဝန်းကျင်ရှိတဲ့ အဲဒီစစ်ကောင်စီတပ်ဟာ ဒဟတ်ချောက်ကျေးရွာထဲမှာ တညအိပ်စခန်းချခဲ့ပြီး ဒီနေ့မနက်မှာတော့ အဲဒီရွာ နဲ့ ၁ မိုင်လောက်ဝေးတဲ့ စိုင်ဂေါင်းရွာကို ဝင်ရောက်လာပြီး ရွာက ပြန်အထွက်မှာ လူနေအိမ် ၂ လုံးကို မီးရှို့မှု ပြုလုပ်သွားတာလို့ ဆိုပါတယ်။

“အိမ်တွေကို ရွေးပြီးမီးရှို့သွားတာ၊ ဒီအတိုင်းမီးရှို့သွားတာလားဆိုတာတော့ ကျနော်တို့လည်း သေချာမသိရသေးဘူး။ ရွာထဲကို ဝင်ပြီးတော့လည်း နယ်မြေရှင်းလင်းရေး မလုပ်ရသေးဘူးဆိုတော့လေ။ Drone နဲ့ ကြည့်တာတော့ နေအိမ်တလုံးက မီးလောင်တာကုန်သွားပြီး နောက်တလုံးက မီးလောင်နေတုန်းပဲ” လို့ နွေဦးတော်လှန်ရေးမြိုင်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

စိုင်ဂေါင်းရွာကို မီးရှို့ပြီး မနက် ၁၀ နာရီခွဲလောက်မှာ အဲဒီရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ညောင်တွင်းအရှေ့ရွာထဲကို ထပ်မံဝင်ရောက်သွားပြီး အဲဒီရွာက ပြည်သူတွေရဲ့နေအိမ်တွေကို ဝင်ရောက် မွှေနှောက်နေတာတွေ ပြုလုပ်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။

“ကျနော်တို့ Drone နဲ့ ကြည့်တော့ တချို့ကတော့ရွာထဲမှာ စက်ဘီးစီးနေကြတယ်။ တယောက်ကတော့ ရေချိုးဖို့လုပ်နေတယ်။ တချို့ကတော့ ရွာသားတွေရဲ့ အိမ်ပေါ်တွေတက်ပြီး လိုက်မွှေနေတာတွေတွေ့ တယ်” လို့ နွေဦးတော်လှန်ရေးမြိုင်မှ တာဝန်ရှိသူတဦးက ဆိုပါတယ်။

ညောင်တွင်းအရှေ့ရွာထဲမှာ ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက နေ့လယ် ၁ နာရီလောက်မှာ Droneနဲ့ ဗုံးသီးတွေ ကြဲချခဲ့ပေမယ့် သေဆုံးထိခိုက်မှု မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ ပခုက္ကူခရိုင်ထဲကို စဝင်တဲ့နေ့ကစပြီး မြိုင်နယ်ထဲက ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတာ ၃ ရက်ခန့်ရှိပြီလို့ ဆိုပါတယ်။ 

အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ စိုင်ဂေါင်းရွာ အခုလို မီးရှို့ခံရတာဟာ ၃ ကြိမ်မြောက်ရှိပြီးဖြစ်ပြီး ၂၀၂၂ စက်တင်ဘာ ၁၈ ရက်မှာ နေအိမ် ၅ လုံး၊ ၁၉ ရက်မှာ နေအိမ် ၄၀ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ 

ပုံစာ - ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ စိုင် ဂေါင်းရွာကနေအိမ် မီးရှို့ခံရစဥ်။

စာတည်း - လင်းဇေ 

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့နယ် #စိုင်ဂေါင်းရွာ #မီးရှို့  #စစ်ကောင်စီ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10