မြိုင်မြို့နယ်၊ အိုရင်းရွာ အမျိုးသမီး ၁ ဦးကိုသတ်ဖြတ်ပြီး နေအိမ် ၂၇ လုံးကို စစ်အုပ်စုမီးရှို့ဖျက်ဆီး

မြိုင်မြို့နယ်၊ အိုရင်းရွာ အမျိုးသမီး ၁ ဦးကိုသတ်ဖြတ်ပြီး နေအိမ် ၂၇ လုံးကို စစ်အုပ်စုမီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ တွင်းမရွာအုပ်စုပျူစောထီးစခန်းက စစ်ကောင်စီနဲ့ ပျုစောထီးတပ်သားတွေဟာ အိုရင်းရွာက အမျိုးသမီးတဦးကို သတ်ဖြတ်သွားသလို နေအိမ် ၂၇ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူ ၂၀ ဝန်းကျင်ကိုပါ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တွင်းမပျူစောထီးစခန်းက စစ်ကောင်စီနဲ့ ပျူစောထီးတပ်သားတွေဟာ အင်အား ၇၀ ဝန်းကျင်နဲ့ ဇူလိုင် ၇ ရက် မနက် ၅ နာရီခွဲလောက်မှာ အဲဒီစခန်းနဲ့ ၁ မိုင်ဝန်းကျင်လောက်ဝေးတဲ့ အိုရင်းရွာထဲကို စီးနင်းဝင်ရောက်ပြီး စခန်းချခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် ည ၈ နာရီဝန်းကျင်မှာတော့ အိုရင်းရွာက နေအိမ်တွေကို မီးရှို့မှုတွေ စတင်ပြုလုပ်ခဲ့တယ်လို့ ဆိုပါ တယ်။

အဲဒီနေ့ ည ၁၂ နာရီဝန်းကျင်လောက်မှာတော့ အဆိုပါ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ အိုရင်းရွာက ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် ဒေသခံ ၂၀ ခန့်ကို တွင်းမရွာပျူစောထီးစခန်းဆီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ 

ဇူလိုင် ၈ ရက် ဒီနေ့မနက်မှာတော့ ဒေသခံတချို့ နဲ့ ကာကွယ်ရေးအဖွဲ့တွေ အိုရင်းရွာထဲ ပြန်လည်ဝင်ရောက်ချိန်  အသက် ၃၀ ဝန်းကျင်အရွယ် မဖြူစင်ဝင်းရဲ့ ရုပ်အလောင်းကို ရွာစာသင်ကျောင်းမှာ တွေ့ရှိခဲ့ရပြီး အဓမ္မပြုကျင့်ခံရတဲ့ ပုံစံအနေအထားမျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။

“ပါးစပ်ကို ပုဝါစည်း၊ မုဒိမ်းကျင့်ပြီး သေနတ်ဒင်နဲ့ ရိုက်သတ်ထားတဲ့ပုံစံမျိုးပါ။ ထမီ မကျွတ်ပေမယ့် ဖြေလျက်သား လျော့နေတယ်။ ” လို့ မြိုင်မြို့နယ်တောင်ပိုင်းမှ ဒေသခံတဦးကပြောပါတယ်။

မဖြူစင်ဝင်းရဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့မနက်မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

အိုရင်းရွာက ဖမ်းဆီးခံရတဲ့ပြည်သူတွေကတော့ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။ 

လက်ရှိမှာတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အိုရင်းရွာက ဒေသခံတွေဟာ ကျေးရွာထဲကို ပြန်လည်နေထိုင်ခြင်းမရှိသေးဘဲ တောတွေထဲမှာသာ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

“ဖမ်းမိတဲ့သူတွေက အကြောင်းကြောင်းကြောင့် မရှောင်တိမ်းကြတဲ့သူတွေ မိတာများတယ်။ တချို့ကလည်း သူတို့ ကိုယ်တိုင် မရှောင်ချင်ကြတာမျိုးတွေရှိတယ်။ ဖမ်းခံရတဲ့အထဲမှာ ၅ နှစ်အရွယ် ကလေးလည်း ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဇူလိုင် ၅ ရက်ကလည်း တွင်းမအုပ်စု ပျူစောထီးစခန်းကနေ လက်နက်ကြီး ၃ လုံး နဲ့ ပစ်ခတ်ခဲ့လို့ အိုရင်းရွာက အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ အိုရင်းကျေးရွာဟာ အခုလိုမီးရှို့ခံရတာ ဒုတိယအကြိမ်ရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း နေအိမ် ၇ လုံးမီးရှို့ခံရပြီး ဒီတခေါက်မှာတော့ နေအိမ် ၂၇ လုံး မီးရှို့ခံရတာပဲဖြစ်ပါတယ်။ 

ပုံစာ - စစ်ကောင်စီတပ်သားများ အဓမ္မပြုကျင့်သတ်ဖြတ်သွားသည့် အမျိုးသမီးနှင့် မီးရှို့ဖျက်ဆီးခံရသည့် အိုရင်းရွာမှ နေအိမ်များ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့နယ် #တွင်းမရွာအုပ်စု #ပျူစောထီး #အမျိုးသမီး #အဓမ္မပြုကျင့် #သတ်ဖြတ် #နေအိမ်မီးရှို့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10