မြိုင်မြို့နယ်၊ နှောပင်ကုန်းရွာက ရွာသား ၁၁ ဦးကို စစ်တပ်က ဓားစာခံအဖြစ်ဖမ်းဆီး

မြိုင်မြို့နယ်၊ နှောပင်ကုန်းရွာက ရွာသား ၁၁ ဦးကို စစ်တပ်က ဓားစာခံအဖြစ်ဖမ်းဆီး

မကွေးတိုင်း၊ မြိုင်မြို့အရှေ့တောင်ပိုင်းရှိ နှောပင်ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက် လာပြီးနောက် အဲ့ဒီရွာက ဒေသခံအမျိုးသား ၁၁ ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အင်အား ၇၀ လောက်ပါတဲ့ စစ်သားနဲ့ပျူစောထီးတွေက နှောပင်ရွာကို ဇူလိုင် ၂၃ ရက်ည ၇ နာရီလောက်မှာ ဝင်ရောက်လာပြီး ညအိပ်စခန်းချကာ ဇူလိုင် ၂၄ ရက်ညနေပိုင်း ရွာကနေပြန်ထွက်ချိန်ကျမှ ရွာသားတွေကို ဆက်တိုက် ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။ 

“ဖမ်းဆီးခံရတဲ့သူတွေကတော့ အမျိုးသားတွေချည်းပဲ၊ သူတို့အထုပ်တွေကို ထမ်းဖို့အတွက် ဖမ်းခေါ်သွားတာ။ ရွာထဲက စိတ်ရောဂါသည်အမျိုးသားကိုလည်း တကိုယ်လုံးရိုက်နှက်သွားတယ်။ သူက လမ်းလည်းလျှောက်လို့မရဘူး စကားလည်းကောင်းကောင်းမပြောတတ်တဲ့သူ။ အဲ့လိုလူကိုတောင် ရိုက်နှက်သွားကြတယ်” လို့ မြိုင်မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ခုလို ရွာသားတွေကိုဖမ်းပြီး နှောပင်ရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ကမ္မရွာထဲကို စစ်ကြောင်းနဲ့အတူ ခေါ်သွားကာ လက်ရှိအချိန်ထိလည်း အဲ့ဒီရွာမှာပဲ တပ်စွဲထားတယ်လို့ သိရပါတယ်။ 

အဖမ်းခံရသူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မသိရှိရသေးဘဲ အဲ့ဒီထဲက ၅ ဦးကတော့ ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းတွေကြားပေမယ့် ရွာကိုတော့ ပြန်ရောက်မလာသေးဘူးလို့ ဆိုပါတယ်။ 

“ထွက်ပြေးလာတယ်လို့ ကျနော်တို့ ကြားပဲကြားသေးတာ အခုချိန်ထိတော့ရှာမတွေ့သေးဘူး ။ အဲ့ဒီစစ်ကြောင်းကလည်း ကမ္မရွာထဲမှာပဲ ရှိနေသေးတာဆိုတော့ ကျနော်တို့လည်း လိုက်ရှာဖို့က အဆင်မပြေသေးဘူး။ စစ်ကြောင်းကလည်း ၂ ကြောင်းခွဲထားတာဆိုတော့လေ” လို့ အထက်ပါမြို့ခံက ဆက်ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံကျေးရွာက လာတာဖြစ်ပြီး ဒေသခံတွေကို ဖမ်းဆီးသွားတဲ့အပြင် ရွာသားတွေရဲ့ နေအိမ်ပေါ်ရှိ စားသောက်စရာတွေနဲ့ အခြားပစ္စည်းတွေကိုလည်း ယူဆောင်သွားကြပါတယ်။ 

လက်ရှိမှာ နှောပင်ကျေးရွာ ဒေသခံတွေကတော့ ကျေးရွာထဲမှာ ပြန်လည်နေထိုင်နေကြပြီး ကမ္မကျေးရွာနဲ့ မကျည်းစုကျေးရွာက ဒေသခံတွေကတော့ နီးစပ်ရာကျေးရွာတွေနဲ့ တောတွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #မြိုင် #နှောပင် #စစ်ကောင်စီ #ဒေသခံဖမ်းဆီး #ဓားစာခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10