မြိုင်မြို့ပေါ်က စစ်တပ်တပ်စွဲရာ နေရာတွေ ၃ ရက်ဆက်တိုက်ခိုက်ခံရ

မြိုင်မြို့ပေါ်က စစ်တပ်တပ်စွဲရာ နေရာတွေ ၃ ရက်ဆက်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်စွဲရာ နေရာတွေကို ဒေသခံကာကွယ်ရေးတပ်တွေက နိုဝင်ဘာ ၂ ရက်ကနေ ၄ ရက်အထိ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Myaing Unmanned Aerial Vehicle Fighter အဖွဲ့ဆီက သိရပါတယ်။ 

မြိုင်မြို့ပေါ်က ထွေအုပ်ရုံး၊ မြန်မာ့စီးပွားရေးဘဏ်အနောက်ဘက်ရှိ စစ်ကောင်စီတပ်သားတွေ နေထိုင်တဲ့အိမ်များ (ယခင်ဝန်ထမ်းတန်းလျား)၊ အမက ၂ စာသင်ကျောင်းနဲ့  မြိုင်မြို့အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။ 

“တိုက်ခိုက်မှုတွေအတွင်းမှာ  စစ်အုပ်စုဘက်က ဒဏ်ရာအများအပြားရလို့ နာရေးကားတွေနဲ့  မြိုင်ဆေးရုံကိုပို့ကြတယ်“လို့ Myaing U. A. V  Fighter ရဲ့ တပ်ဖွဲ့ကြီးကြပ်ရေးမှူးက ပြောပါတယ်။

နိုဝင်ဘာလ ၂ ရက်မှာ ထွေအုပ်ရုံး၊ စစ်ဆေးရေးဂိတ်နဲ့ အမက ၂ ကျောင်းရှိ စစ်ကောင်စီတပ်သားတွေကို ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နဲ့ နိုဝင်ဘာလ ၄ ရက်မှာလည်း မြန်မာ့စီးပွားရေးဘဏ်နဲ့ အမက ၂ ကျောင်းရှိ စစ်ကောင်စီတပ်တွေကို Fixed Wings ဒရုန်းတွေသုံးပြီး ဗုံးသီးချ ထပ်မံ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းက  Operation 1027 ကို ထောက်ခံအားပေးတဲ့အနေနဲ့ Myaing U.A.V Fighter၊ MPLတိုက်နယ် ၄ ပကဖ၊ မြိုင်ပကဖ တပ်ရင်း ၂ တပ်ခွဲ ၃၊ တပ်ခွဲ ၄၊ Earthquake PDF နဲ့ ဗိုလ်မြွေဆိုး အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း မြိုင်ပကဖ တပ်ရင်း ၂၊ တပ်ခွဲ ၄ နဲ့  Earthquake PDF က ဒရုန်းနှစ်စီး ချို့ယွင်းပျက်စီးကာ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

နိုဝင်ဘာလ ၆ ရက် ဒီနေ့မှာတော့ မြိုင်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက အင်အား ၁၂၀ လောက်နဲ့ အင်အားဖြည့်ထားတယ်လို့ Myaing U.A.V Fighter အဖွဲ့ဆီက သိရပါတယ်။ 

Myaing U.A.V Fighterနဲ့ ပူးပေါင်းအဖွဲ့တွေဟာ နိုဝင်ဘာ ၁ ရက်ကလည်း ပခုက္ကူကနေ မြိုင်ကို စစ်ကား ၄ စီးနဲ့လာတဲ့ အင်အား  ၁၂၀ ပါစစ်ယာဉ်တန်းကို ကျောက်ဆောင်နဲ့ သူငယ်တော်ရွာ အကြားမှာ ပေပါမိုင်း ၇ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #မြိုင် #စစ်ကောင်စီ #တပ်စွဲ #တိုက်ခိုက်ခံရ #ဒရုန်းသုံးဗုံးသီးချ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10