မြိုင်မြို့အနီး ထန်းဘုန်းတောရွာက နေအိမ် အလုံး ၃၀ ကျော်ကို စစ်တပ်က မီးရှို့

မြိုင်မြို့အနီး ထန်းဘုန်းတောရွာက နေအိမ် အလုံး ၃၀ ကျော်ကို စစ်တပ်က မီးရှို့

မကွေးတိုင်း၊ မြိုင်မြို့အနီးမှာရှိတဲ့ ထန်းဘုန်းတောရွာက နေအိမ်တွေကို  စစ်ကောင်စီနဲ့ ပျူစောထီး တပ်ဖွဲ့က သြဂုတ်လ ၂၁ ရက် မနက် ၁၀ နာရီလောက်မှာ ဝင်ရောက် မီးရှို့ခဲ့တယ်လို့ မြိုင် -နွေဦးတော်လှန်ရေးအဖွဲ့ဆီက သိရပါတယ်။

အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့ဟာ ကန်နီရွာကနေ မနက် ၅ နာရီကျော်လောက်မှာ ထွက်လာပြီး အဲဒီရွာရဲ့တောင်ဘက် ၂ မိုင်အကွာရှိ ထန်းဘုန်းတောရွာထဲကို လက်နက်တွေ ပစ်ဖောက်ဝင်ရောက်လာခဲ့ပြီးနောက် ကျေးရွာထဲမှာရှိတဲ့ နေအိမ် ၃၉ လုံးကို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

“ထန်းဘုန်းတောရွာကိုဝင်တဲ့အချိန် ကာကွယ်ရေးအဖွဲ့တွေနဲ့ ပစ်ခတ်ဖြစ်မှုတွေ ဖြစ်သေးတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးတာတွေလည်း ရှိတယ်လို့ကြားတယ်။ သူတို့တွေ ထန်းဘုန်းတောရွာ ကိုမီးရှို့ ပြီး ကန်နီထဲကို ပြန်ဝင်တဲ့အချိန် အဲဒီရွာက ရွာသားတွေ သပြေခက်တွေနဲ့ ကြိုဆိုကြတယ်လို့ ကျနော်တို့ သတင်းရတယ်” လို့ မြိုင် - နွေဦးတော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ထန်းဘုန်းတောရွာကို မီးရှို့ပြီး ညနေ ၅ နာရီလောက်မှာတော့ ကန်နီရွာထဲကို ပြန်ဝင်သွားခဲ့တာပါ။

အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ ထန်းဘုန်းတောရွာဟာ အခုလို မီးရှို့ခံရတာ ပထမအကြိမ်ဖြစ်သလို စစ်ကောင်စီနဲ့ ပျူစောထီးတပ်ကလည်း ကျေးရွာထဲကနေထွက်သွားပြီ ဖြစ်တဲ့အတွက် ဒေသခံတွေဟာ ရွာထဲမှာ ပြန်လည်နေထိုင်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သြဂုတ်လ ၂၀ ရက်ကလည်း အဲဒီစစ်ကောင်စီ နဲ့ ပျူစောထီးတပ်ဖွဲ့ဟာ ကန်နီရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ရွှေလင်းဆွဲရွာထဲကို မနက် ၅ နာရီလောက်မှာ ဝင်လာပြီး အဲဒီရွာက စားနှပ်ရိက္ခာတွေကို  သယ်ဆောင်သွားသလို ရွာသားတချို့ကို ဓားစားခံအဖြစ် ဖမ်းဆီးထားကာ အဲဒီ ရွာနဲ့ ရွာနီးစပ်ဖြစ်တဲ့ လက်ထုတ်တောရွာထဲကို နေ့လယ် ၂ နာရီလောက်မှာ ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် လက်ထုတ်တောရွာက နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီးသွားပြီး ညနေ ၃ နာရီလောက်မှာ ဖမ်းဆီးထားတဲ့ ရွာသားတွေထဲက ရွာသား ၅ ဦးနဲ့အတူ ကန်နီရွာထဲကို ပြန်လည် ဝင်ရောက်သွားခဲ့ပါသေးတယ်။

“ဓားစားခံအဖြစ်ဖမ်းထားတဲ့ ပြည်သူ ၅ ဦးထဲက တယောက်က ရွှေလင်းဆွဲရွာက ပအဖ လို့ပြောတယ်။ အဲဒီဖမ်းထားတဲ့ ၅ ယောက်ထဲက တယောက်ကတော့ ထွက်ပြေးလွတ်မြောက်လာတယ်။ သူပြောပြတာကတော့ အဲဒီ ပအဖ ကို တော်တော်နှိပ်စက်ထားတယ်တဲ့” လို့ မြိုင်-နွေဦးတော်လှန်ရေး အဖွဲ့ဝင်က ဆက်ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဟာ သြဂုတ် ၂၂ ရက် ဒီနေ့မနက်မှာတော့ ရေစကြိုဘက်ကို ပြန်လည် ထွက်ခွာသွားပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်ကလည်း မြိုင်မြို့နယ်တောင်ပိုင်း ပန်းတိုင်းတော(အနောက်)ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အဲဒီရွာက စိတ်ကျန်းမာရေးချို့တဲ့ အသက် ၃၇ နှစ်အရွယ် ကိုနေအောင် ကို သတ်ဖြတ်သွားခဲ့ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေးတိုင်း #မြိုင်မြို့နယ် #စစ်ကောင်စီ #ပျူစောထီး #မီးရှို့ဖျက်ဆီး #ဓားစာခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10