မြိုင်မှာ စစ်ကြောင်းထိုးလာလို့ထွက်ပြေးရာက သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံး၊ ၃ ဦး ဖမ်းဆီးခံရ    ■ ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတွေ မီးရှို့ခံခဲ့ရပြီး ကျပ်သိန်းရာချီဆုံးရှုံးတယ်လို့ဆို

မြိုင်မှာ စစ်ကြောင်းထိုးလာလို့ထွက်ပြေးရာက သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံး၊ ၃ ဦး ဖမ်းဆီးခံရ ■ ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတွေ မီးရှို့ခံခဲ့ရပြီး ကျပ်သိန်းရာချီဆုံးရှုံးတယ်လို့ဆို

 မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းထိုးလာတာကို တိမ်းရှောင်ထွက်ပြေးရာက ဒေသခံသက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး စစ်ကြောင်းနဲ့တွေ့ဆုံတဲ့ အမျိုးသား ၃ ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက် မနက် ၈ နာရီခန့်က  မြိုင်၊ စက်မှု ၂ စစ်ကောင်စီတပ်စခန်းကနေ အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့က ဝက်ပုတ်ကျေးရွာဘက်ကို လက်နက်ငယ်တွေပစ်ဖောက်ကာ စစ်ကြောင်းထိုးလာပြီး နေအိမ်တွေထဲကို ဝင်ရောက်ဖျက်ဆီးတာကြောင့် ဝက်ပုတ်ရွာဒေခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာကနေ သက်ကြီးပိုင်းအမျိုးသား ၁ ဦး သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

“ သူကအသက်ကြီးတာဆိုတော့ စိတ်လှုပ်ရှားတာရော၊ အအေးမိတာရော၊ ကြောက်တာရော အဲလိုမျိုးအကုန်လုံးရောပြီးတော့ ရှော့ဖြစ်သွားပြီးတော့မှ ဆုံးသွားတယ်။ အကုန်လုံးကလည်း စစ်ရှောင်တွေချည်းပဲ ဖြစ်နေတဲ့အတွက် ဓလေ့ထုံးစံတွေအရ မလုပ်ခဲ့နိုင်ဘူးပေါ့နော်။ ဒီအတိုင်းပဲချက်ချင်း သင်္ဂြိုဟ်လိုက်ရတယ်။” လို့ အညာမြေတပ်ပေါင်းစုမှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူမှာ ဝက်ပုတ်ရွာခံ အသက် ၇၀ အရွယ် ဦးယဉ်အေး ဖြစ်ပြီး စစ်ကောင်စီတပ်စစ်ကြောင်းကို ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်ချိန် ပေါက်မြို့နယ်၊ သစ်ငုတ်ပျဉ်ရွာအရောက်မှာ သေဆုံးသွားခဲ့တာလို့ဆိုပါတယ်။

ဒါ့အပြင် ဝါးရင်းချိုင်ရွာခံ အမျိုးသား ၃ ဦးဟာ ဝက်ပုတ်ရွာအနီးမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့တွေ့ဆုံပြီး ဖမ်းဆီးခံခဲ့ရကာ စစ်ကြောင်းကိုမြင်တာကြောင့် ထွက်ပြေးတဲ့ အသက် ၃၉ နှစ်အရွယ် အဆိုပါ ရွာခံအမျိုးသမီး ၁ ဦးလည်း သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဝါးရင်းချိုင်ရွာက အသက် ၅၈ နှစ်၊ ၄၀နှစ်နဲ့ ၁၅ နှစ်အရွယ် အမျိုးသား ၃ ဦးဖြစ်ပြီး ၎င်းတို့ကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ လက်ရှိမှာ ပေါက်၊ ရေပြာရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဝက်ပုတ်ရွာနဲ့အနီးတဝိုက်ကို စစ်ကြောင်းထိုးနေစဉ် ဖေဖော်ဝါရီ ၃ ရက် နေ့လယ် ၁၂ နာရီခန့်မှာ အညာမြေတပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်တဲ့ Myaing Underground Defence Force - MUGDF စခန်းကိုတွေ့ရှိကာ စခန်းတဲ ၃ လုံးနဲ့ စခန်းတွင်းရှိ ပစ္စည်းတွေကို မီးရှို့သွားခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

“ တခြားနယ်မြေရှင်းလင်းရင်းနဲ့မှ ဒီစခန်းကိုသွားပြီးတွေ့တာ။ ဒီစခန်းကိုလာပြီး ရည်ရွယ်ချက်နဲ့စီးတဲ့ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့နော်။ စစ်ကောင်စီနဲ့ထိပ် တိုက်တွေ့ဖို့ တခြားတနေရာမှာ အင်အားတွေစုပြီးတော့ ပြင်ဆင်နေကြတဲ့အချိန်မှာ သူတို့က တခြားတဖက်လမ်းကနေ ကျနော်တို့ရဲ့စခန်းကိုတွေ့သွားပြီးတော့ မီးရှို့ဖျက်ဆီးခဲ့တာ။” လို့ ၎င်းက ဆိုပါတယ်။

စခန်းစီးနင်းမီးရှို့ခံရချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လက်နက်ခဲယမ်းတွေကိုသာ သယ်ယူနိုင်ခဲ့ပြီး စခန်းတွင်းရှိ ဆိုလာ၊ ဖုန်းလိုင်းမြှင့်စက်၊ ကျည်ဆန်အချို့အပါအဝင် အခြားအသုံးအဆောင်ပစ္စည်းတွေ ဆုံးရှုံးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၄၅၀ ခန့်ရှိတယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ မြိုင်နယ်နဲ့ ပေါက်နယ် ကျောက်လုံးရွာ၊ ကုက္ကိုလ်စုရွာတွေမှာ ၃ ရက်ခန့် စစ်ကြောင်းထိုးပြီးတဲ့နောက် ဖေဖော်ဝါရီ ၅ ရက် ယမန် နေ့မနက်ပိုင်းမှာ ပေါက်နယ်၊ ရေပြာရဲစခန်းထဲကို ပြန်လည်ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ကိုချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်နယ် #ဝက်ပုတ်ရွာ #ဝါးရင်းချိုင်ရွာ #စစ်ကောင်စီစစ်ကြောင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10