မြိုင်မှာ စစ်တပ်က ဒေသခံ ၂ ဦးကို ဖမ်းဆီးပြီး၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ

မြိုင်မှာ စစ်တပ်က ဒေသခံ ၂ ဦးကို ဖမ်းဆီးပြီး၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်ကလေးရွာသား ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး အဲဒီရွာက ဖုန်းအလုံး ၂၀ နီးပါးနဲ့ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူသွားတယ်လို့ နွေဦးတော်လှန်ရေး - မြိုင်မြို့ဆီက သိရပါတယ်။

အင်အား ၇၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင်လ ၂၁ ရက်ဒီနေ့မနက် ၇ နာရီလောက်မှာ ကန်ကလေးရွာထဲကို ရုတ်တရက်ဝင်ရောက်လာချိန် ရွာခံသား အသက် ၄၀ အရွယ် ကိုသိန်းထွန်းနဲ့ ကိုဇော်တင့်တို့ကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

“သူတို့ဝင်တဲ့အိမ်တွေဆို မှတ်ပုံတင်တို့ အိမ်ထောင်စုဇယားတို့ အကုန်ပါသွားတာပေါ့။ ရိက္ခာအနေနဲ့က အိမ်တွေမှာရှိတဲ့ ဆန်၊ဆီ၊ ဆား စျေးဆိုင်တွေကဆို အချိုရည်ဗူးတွေယူသွားတယ်။ ကန်ကလေးရွာက အိမ်တွေကလည်းများတော့ ရုတ်တရက်ထွက်ပြေးရတော့ ဖုန်းတွေ၊ ပစ္စည်းတွေတော့ ပါသွားတာပေါ့” လို့ နွေဦးတော်လှန်ရေး - မြိုင်မြို့မှ ကို Zooey က မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ ပက်သက်တဲ့နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ 

ရွာသားတွေရဲ့ပစ္စည်းတွေကို ခိုးယူပြီး မနက် ၁၀ နာရီကျော်လောက်မှာတော့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ သရက်ကန် (ပျူရွာ)ထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။ 

“သူတို့က မနေ့ (ဇူလိုင် ၂၀)ကတည်းက သရက်ကန်ရွာထဲမှာ ရောက်နေတာ။ သရက်ကန်ရွာနဲ့ ကန်ကလေးရွာက မီတာ ၉၀၀ ကျော်လောက်ပဲ ဝေးတယ်။ အရင်ကလည်း သူတို့တွေက ကန်ကလေးရွာထဲကိုဝင်လေ့ရှိပါတယ်။ ဒီမနက်လည်းရွာထဲမှာရှိတဲ့ အိမ်တော်တော်များများတော့ ဝင်ခံရတယ်” လို့ ကို Zooey က ဆက်ပြောပါတယ်။ 

အခုလက်ရှိအချိန်မှာ ကန်ကလေးရွာထဲကို ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပေမယ့် ဒေသခံတွေက‌တော့ ကျေးရွာထဲကို ပြန်လည်ဝင်ရောက်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #မြိုင်မြို့နယ် #ကန်ကလေး #စစ်ကောင်စီ #၀င်ရောက်မွှေနှောက် #ဒေသခံ #ဖမ်းဆီး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10