မြိုင်မှာ စစ်တပ်စစ်ကြောင်းက အမျိုးသား ၂ ဦးကိုသတ်သွားပြီး ကြားကာလစာသင်ဆောင်တွေကို မီးရှို့

မြိုင်မှာ စစ်တပ်စစ်ကြောင်းက အမျိုးသား ၂ ဦးကိုသတ်သွားပြီး ကြားကာလစာသင်ဆောင်တွေကို မီးရှို့

မကွေးတိုင်း ၊ မြိုင်မြို့နယ်၊ သက္ကယ်ကန်ရွာက စာသင်ဆောင်တွေကို စစ်တပ်စစ်ကြောင်းက မီးရှို့သွားပြီး အမျိုးသား ၂ ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မြို့စိုးရွာမှာတပ်စွဲထားတဲ့ အင်အား ၁၅၀ ခန့်ရှိ စစ်ကြောင်းက ၂ မိုင်ခန့်အကွာမှာရှိတဲ့ သက္ကယ်ကန်ရွာကို စက်တင်ဘာ ၁၅ ရက် မနေ့ မနက် ၄ နာရီလောက်မှာ စစ်ကြောင်း ၂ ကြောင်း ခွဲဝင်လာပြီး ကြားကာလစာသင်ကျောင်းရဲ့ စာသင်ဆောင် ၃ ဆောင်ကို မီးရှို့သွားခဲ့တာလို့ ဆိုပါတယ်။

“ကျောင်းက ၁၀ တန်းအထိရှိတာ ။ အဲ့ဒီထဲမှာ စာသင်ဆောင်အကြီး ၂ ဆောင်နဲ့ ရုံးခန်းအဆောင်ကို မီးရှို့သွားတယ်။ မူကြိုဆောင်တဆောင်ပဲ ကျန်ခဲ့တယ်။ ကျန်တဲ့ပစ္စည်းတွေကိုလည်း အကုန် မီးရှို့သွားတယ်”လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်လာတဲ့ အမျိုးသား ၂ ဦးဖြစ်တဲ့  ၅၁ နှစ် အရွယ်ရှိ ဦးဝင်းအောင်နဲ့  ၄၇ နှစ် အရွယ်ရှိ ဦးဇော်ကြိုင်တို့ကိုလည်း သက္ကယ်ကန်ရွာထဲမှာပဲ သတ်ဖြတ်သွားတယ်လို့ သူက ဆိုပါတယ်။

“တယောက်က သရက်ကန်ရွာသား ၊ နောက်တယောက်က ထန်းငယ်ရွာသား။ သူတို့ ၂ ယောက်က ၃ ရက်နေ့က သူတို့ရွာတွေကို စစ်ကြောင်းဝင်တဲ့အချိန် အဖမ်းခံရတာကနေ မနေ့ကမှ သတ်သွားတာ” လို့ ဆက်ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မနေ့ညနေ ၄ နာရီလောက်မှ သက္ကယ်ကန်ရွာနဲ့ ၅ ဖာလုံခန့်အကွာအဝေးရှိတဲ့ ဆားထုံးကြွယ်ရွာထဲကို ဝင်ရောက်သွားခဲ့လို့ သက္ကယ်ကန်ရွာအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ဝင်ရောက်ရာမှာ အသတ်ခံထားရတဲ့ရုပ်အလောင်းတွေနဲ့ မီးရှို့ခံထားရတဲ့ စာသင်ဆောင်တွေကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာ ၁၁ ရက်ကလည်း ကန်းကြီးရွာထဲက ဓားစားခံအဖြစ် ဖမ်းခေါ် သွားတဲ့ အသက် ၅၂ နှစ်အရွယ် ဦးသိန်းလွင်ကို ညောင်ညိုတောရွာ အရှေ့ဘက်မှာ သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ - စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားသည့် မြိုင်နယ်ခံအမျိုးသား ၂ ဦး။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #မြိုင် #စစ်ကောင်စီတပ် #စာသင်ကျောင်း #မီးရှို့ #ဓားစာခံ #အရပ်သား #သတ်ဖြတ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10