မြိုင်မှာ ဒေသခံတွေ မစိုက်ပျိုးတဲ့လယ်မြေမှာ PDF က ရိက္ခာအတွက် စပါးစိုက်ပျိုး

မြိုင်မှာ ဒေသခံတွေ မစိုက်ပျိုးတဲ့လယ်မြေမှာ PDF က ရိက္ခာအတွက် စပါးစိုက်ပျိုး

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ ဒေသခံလယ်သမားတွေ မစိုက်ပျိုးတဲ့လယ်တွေကို တပ်ဖွဲ့ရိက္ခာအတွက် စပါးစိုက်ပျိုးခဲ့တယ်လို့ မြိုင်မှာ အခြေစိုက်တဲ့ကျားသစ်နက် တပ်မတော်၊ မြိုင်တပ်ခွဲက သတင်းထုတ်ပြန်ထားပါတယ်။ 

ခန့်မှန်း လယ်မြေ ၂ ဧကကျော်လောက်မှာ အသင့်ပျိုးထားတဲ့စပါးပျိုးပင်တွေကို စက်တင်ဘာ ၁၀ ရက် မနေ့က တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေအပါအဝင် အင်အား ၇၀ လောက်နဲ့ စိုက်ပျိုးခဲ့တာလို့ဆိုပါတယ်။ 

"ဒေသခံလယ်သမားတွေ မစိုက်ပျိုးဘဲ လွှတ်ထားတဲ့လယ်မြေတွေကို လယ်သမားတွေကပေးလို့ တပ်ဖွဲ့ရိက္ခာအတွက် ဝင်ရောက်စိုက်ပျိုးကြတာပါ" လို့ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲကတပ်ဖွဲ့ဝင် ကိုအမ်စီက ပြောပါတယ်။

အဲ့ဒီလယ်မြေတွေကို မစိုက်ပျိုးကြတာဟာ မြေဩဇာဈေးနဲ့ စပါးမျိုးဈေးကြီးမြင့်တာအပြင် စစ်ကြောင်းတွေက မီးရှို့တာတွေကြောင့် ဝမ်းစာရရုံအတွက်သာ စိုက်ပျိုးကြတာလို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စပါးရိတ်သိမ်းချိန်ကလည်း မြိုင်မြို့နယ်ထဲက ရင့်မှည့်နေတဲ့စပါးခင်းတွေကို စစ်တပ်နဲ့ပျူစောထီးတွေက ရိက္ခာအတွက်ဝင်ရောက်ရိတ်သိမ်းကာ ယူဆောင်သွားတာမျိုးတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

မြိုင်မြို့နယ်ထဲမှာ လက်ရှိအချိန်အထိ ပျူစောထီးအများစုနေထိုင်တဲ့ ကန်နီရွာအနီးက လယ်မြေတွေလည်း စပါးစိုက်ပျိူးနိုင်ခြင်း မရှိသလို အခြားပဲစဉ်းငုံ၊ ပဲတီစိမ်းစတဲ့သီးနှံတွေလည်း မစိုက်ပျိုးရသေးဘူးလို့ သိရပါတယ်။ 

ပုံစာ - ကျားသစ်နက်တပ်မတော်မြိုင်နှင့် ဒေသခံများ စပါးစိုက်ပျိုးနေပုံ။ (ဓါတ်ပုံ - ကျားသစ်နက်တပ်မတော်၊ မြိုင်တပ်ခွဲ)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့နယ် #လယ်ယာမြေ #စိုက်ပျိုးရေး #တပ်ဖွဲ့ရိက္ခာ #PDF #ကျားသစ်နက်တပ်မတော် #စပါး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10