မြိုင်မှာ PDF နဲ့ ပျူစောထီး ထိတွေ့မှုဖြစ်၊ နေအိမ် ၃ လုံးကို ပျူစောထီးတွေမီးရှို့ခဲ့

မြိုင်မှာ PDF နဲ့ ပျူစောထီး ထိတွေ့မှုဖြစ်၊ နေအိမ် ၃ လုံးကို ပျူစောထီးတွေမီးရှို့ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကန်နီ (ပျူ)ရွာက ပျူစောထီးတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ဇူလိုင် ၃၀ ရက်မနေ့က ထိတွေ့မှု ၂ ကြိမ်ဖြစ်ခဲ့တယ်လို့ နွေဦးတော်လှန်ရေး - မြိုင် ဆီက သိရပါတယ်။ 

ပျူစောထီးတပ်ဖွဲ့တွေဟာ အင်အား ၅၀ နီးပါးနဲ့ ကန်နီရွာထဲကနေထွက်လာချိန် ကန်နီရွာနဲ့ လက်ထုပ်တောရွာကြားအရောက် မနက် ၉နာရီလောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် လက်ထုပ်တောရွာက နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားသလို နွား ၆ ကောင်နဲ့ ဆိုင်ကယ် ၇ စီးကိုပါ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။ 

“အပြန်အလှန်ပစ်ခတ်မှုက ၁၅ မိနစ်လောက်ပဲ ကြာလိုက်တယ်။ ပစ်ခတ်မှုဖြစ်ပြီးတော့ ရွာထဲကိုဝင်ပြီး မီးရှို့တော့တာပဲ။ လက်ထုပ်တောရွာက အခုလို မီးရှို့ခံရတာ ပထမအကြိမ်ပါပဲ၊ ဖမ်းဆီးခံရတဲ့ ပြည်သူတွေတော့ မရှိပါဘူး” လို့ နွေဦးတော်လှန်ရေး-မြိုင်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပျူစောထီးတွေက လက်ထုပ်တောရွာကိုမီးရှို့ပြီး ရွာကပြန်ထွက်ချိန် နေ့လယ် ၁၁ နာရီခွဲလောက်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒုတိယအကြိမ် ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ချိန် ၁၀ မိနစ်လောက်ကြာခဲ့တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုအတွင်း ပျူစောထီးတွေဘက်က ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။  

မြိုင်မြို့နယ်အတွင်း စစ်သား၊ ပျူစောထီး ပူးပေါင်းအဖွဲ့နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ မကြာခဏဆိုသလို ထိတွေ့မှုတွေဖြစ်နေပြီး စစ်အုပ်စုဘက်ကလည်း မထင်ရင်မထင်သလို သူတို့တပ်စွဲရာ နေရာကနေ အနီးဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတယ်လို့လည်း သိရပါတယ်။ 

မြိုင်မြို့နယ်ထဲမှာ ဇူလိုင် ၂၆ ရက်ကလည်း တွင်းမ(ပျူရွာ)ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အိုရင်းရွာက အသက် ၃၀ ဝန်းကျင်အရွယ် မမိလှနဲ့ အသက် ၁၃ နှစ်အရွယ် မဆုဝင့်ထည် တို့ကို ထိမှန်သွားခဲ့ပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ 

#သတင်း #မကွေး #မြိုင် #ကန်နီ #ပျူစောထီး #မီးရှို့ #ထိတွေ့မှု #ဒေသခံကာကွယ်ရေးတပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10