မြို့နယ်ပအဖရဲ့ ထိန်းချုပ်နယ်အတွင်း သတိပေးထားချက် မလိုက်နာသူတွေကို အရေးယူ

မြို့နယ်ပအဖရဲ့ ထိန်းချုပ်နယ်အတွင်း သတိပေးထားချက် မလိုက်နာသူတွေကို အရေးယူ

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ပြည်သူ့အုပ်ချုပ်ရေးနယ်မြေမှာ လောင်းကစားဝိုင်းမလုပ်ဖို့ သတိပေးထားပေမယ့်လည်း ဒေသခံတချို့က မလိုက်နာတဲ့အတွက် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ဇန်နဝါရီ ၂၉ ရက် နေ့လယ်ပိုင်းမှာ သွားရောက်ဖမ်းဆီးပြီး အရေးယူမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ စိုးမိုးနယ်မြေအတွင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က ကျေးရွာအတွင်း မည်သည့်လောင်းကစားမျိုးမှ မပြုလုပ်ဖို့ နှုတ်နဲ့သော်လည်းကောင်း၊ စာနဲ့သော်လည်းကောင်း၊ လူကိုယ်တိုင် သွားရောက်ပြီးသတိပေးထားခဲ့ပေမယ့်လည်း မလိုက်နာတဲ့အတွက် အခုလို အရေးယူခဲ့တာလို့ ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“ကျနော်တို့ လောင်းကစားဝိုင်း မလုပ်ဖို့ ထုတ်ပြန်ထားတာ၊ ၉ လပိုင်း ကတည်းကပါ။ အဲနေ့က သွားရောက်ဖမ်းဆီးခဲ့တဲ့လောင်းကစားဝိုင်းကိုလည်း ပထမအကြိမ် နှုတ်နဲ့သတိသွားပေးခဲ့တယ်။ ဆက်မလုပ်ဖို့ သတိပေးပြီး ၂ ပတ်လောက်တော့ နားလိုက်တယ်။ နားပြီးတော့ ပြန်ဆက်လုပ်တာဖြစ်တဲ့အတွက် ကျနော်တို့က အရေးယူမှု ပြုလုပ်လိုက်ရတာပါ” လို့ ဆိုပါတယ်။

လောင်းကစားဝိုင်းကို သွားရောက်ဖမ်းဆီးစဉ်မှာ ကြက် ၄ ကောင်၊ ဆိုင်ကယ်အစီး ၅၀ ဆယ်ကျော်နဲ့ လူ ၂၈ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီလူတွေထဲမှ ဘေးကနေ လောင်းကြေး လောင်းတဲ့သူတွေကိုတော့ ခံဝန်ကတိနဲ့ ဒဏ်ကြေးငွေ ကောက်ခံပြီး နေ့တွင်းချင်း ပြန်လွတ်ပေးခဲ့ပေမယ့် ဒိုင်နဲ့ အဓိကဦးဆောင်သူ လေးဦးကိုတော့ တရက်သာ ချုပ်ထားပြီး နောက်နေ့မှ ပြန်လွတ်ပေးခဲ့တယ်လို့ အထက်ပါတာဝန်ခံက ဆိုပါတယ်။

“သူတို့ကို ခံဝန်ကတိတွေ ထိုးခိုင်းပြီး ပြန်လွတ်ပေးခဲ့ပါတယ်။ ဒဏ်ကြေးငွေ ပေးခိုင်းတာတော့ ရှိတယ်။ ရွာသားတွေလည်းဖြစ်တော့ ဘာမှလုပ်လို့ မရဘူး။ နောက်နောင်ထပ်မလုပ်ဖို့တော့ ပြောထားတယ်။ အဓိကဒိုင်ကြီးတွေကိုတော့ တရက်ချုပ်ထားပြီး နောက်ရက်မှ ပြန်လွတ်ပေးလိုက်တယ်” လို့ ဆိုပါတယ်။

အခုလို လောင်းကစားဝိုင်းနဲ့ ပတ်သက်ပြီး ဖမ်းဆီးတာဟာ ၃ ကြိမ်မြောက် ရှိပြီးဖြစ်ကာ ယင်းမာပင်မြို့နယ်ထဲမှာတော့ ကျေးရွာပေါင်းတရာကျော်ကို မြို့နယ်ပအဖအဖွဲ့က ထိန်းချုပ်ထားနိုင်ပြီလို့လည်း သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10