မြို့ပြ UG တွေရဲ့ တည်နေရာကို သတင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ် ၈ ရပ်ကွက်မှာနေထိုင်တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဘိုမြင့်ဟာ မြို့ပြ UG တွေရဲ့ တည်နေရာတွေကို လိုက်လံသတင်းပေးနေတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ Flying Dragon Force တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မေလ ၂၃ ရက် မနက် ၈ နာရီလောက်မှာ အုပ်ချုပ်ရေးမှူး ဘိုမြင့်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သူရဲ့နေအိမ်ထဲထိ သေနတ်နဲ့ဝင်ရောက်ပစ်ခတ်လိုက်ခဲ့လို့ ဦးဘိုမြင့်ဟာ အဆိုပါနေရာမှာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။


"ဘိုမြင့်နဲ့ သူ့မိန်းမ အပြင်သွားဖို့ ပြင်နေချိန်မှာဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ ဘိုမြင့်ရဲ့ခေါင်းကို သေနတ်နဲ့ပစ်ခဲ့ပါတယ်။ ဘိုမြင့်က သူ့ရပ်ကွက်ကသူတွေကို ဆဲဆိုတာတွေလုပ်တယ်။ ဧည့်စာရင်းတွေလာတင်ရင်လည်း ငွေကြေးတွေ အဆမတန်ကောက်တယ်။ သူ့ကြောင့်ဖမ်းခံရတဲ့ UG တွေလည်းရှိတယ်” လို့ Flying Dragon Force တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

ပစ်ခတ်ပြီးတဲ့အနောက်မှာ အုပ်ချုပ်ရေးမှူးရဲ့ အမျိုးနဲ့ အနီးပတ်ဝန်းကျင်းက လူတချို့က ပစ်ခတ်သူကို ရိုက်နှက်ဖမ်းဆီးဖို့ကြိုးစားခဲ့တာကြောင့် သေနတ်ကို မိုးပေါ်ထောင်ကာ ပစ်ခတ်ခြောက်လှန့်ခဲ့ရသေးတယ်လို့ သူက ဆက်ပြောပါတယ်။

အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တဲ့ ရဲဘော်ဟာ တစုံတရာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေမယ့် သူစီးလာတဲ့ ဆိုင်ကယ်ကတော့ ဆုံးရှူံးခဲ့ရပါတယ်။

ပစ်ခတ်မှုတွေပြုလုပ်ပြီး နောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ နာရေးကားနဲ့ ရောက်ရှိလာပြီ ဦးဘိုမြင့်ရုပ်အလောင်းကို သယ်ဆောင်သွားခဲ့ပါတယ်။ အခုလို မစ်ရှင်ပြုလုပ်ဖို့အတွက် အချိန်တပတ်လောက် ယူခဲ့ရတယ်လို့လည်း ဆိုပါတယ်။

Flying Dragon Force တပ်ဖွဲ့အနေနဲ့ အခုလို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းတာ ပထမအကြိမ်ဖြစ်ကြောင်းနဲ့ ထပ်မံပြီးတော့လည်း စစ်ကောင်စီထောက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပစ်ခတ်မှုကို Flying Dragon Force ၊ ShweBo Defent Force(SBDF) /ဗိုလ်မိကျောင်း ၊ Snake Eyes PDF နဲ့ LPDF စခန်း(၂) Buffalo Soldiers /Freedom Force LPDF တန (၂) တပ်ပေါင်းစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

သတင်း - ဒီလှိုင်း၊ စာတည်း - လင်းဇေ

#မြေလတ်အသံ
#ရွှေဘိုခရိုင် #အုပ်ချုပ်ရေးမှူး #ပစ်ခတ်ရှင်းလင်း #မြို့ပြUG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10