မြို့သာရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ရဲ ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရဟုဆို

မြို့သာရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ရဲ ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြိုနယ်၊ မြို့သာရဲစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့သေဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့ မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်း၊ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NPDF ထံက သိရပါတယ်။

ငါန်းဇွန်မြို့၊ မြင်းခြံ - တံတားဦး ကားလမ်းဘေးမှာရှိတဲ့ မြို့သာရဲစခန်းကို မေ ၇ ရက် ညနေ ၃ နာရီလောက်က ဒရုန်း ၂ စင်းနဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၁ နာရီကျော် ကြာမြင့်ခဲ့ပြီးရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ NPDF တာဝန်ခံဗိုလ်လင်းယုန် ကမြေလတ်အသံကို ပြောပါတယ်။


"အဲဒီရဲစခန်းရှေ့မှာ ဂိတ်ကြေးကောက်တာ၊ သာမန်ပြည်သူတွေကို အော်ငေါက်ပြီး ပိုက်ဆံတောင်းကြမ်းတာတွေ၊ ကားသမားတွေဆီကလည်း သူတို့ မထင်ရင်မထင်သလို တောင်းခဲ့တာတွေ ရှိနေတော့ တိုက်ခိုက်ခဲ့တာပါ။ ၅ ယောက် သေတယ်၊ ၄ ယောက် ဒဏ်ရာရတယ်" လို့ ဗိုလ်လင်းယုန် က ပြောပါတယ်။

တိုက်ပွဲမှာ သေဆုံးဒဏ်ရာရ ရဲတပ်ဖွဲ့တွေနဲ့ပတ်သက်ပြီး မြေလတ်အသံသတင်းဌာနအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

အဲဒီလိုတိုက်ခိုက်ချိန်မှာ မြို့သာရဲစခန်းမှာ အင်အား ၂၀ လောက်ရှိပြီး သေဆုံးဒဏ်ရာရသူတွေကိုတော့ မြို့သာဆေးရုံနဲ့ ငါန်းဇွန်ဆေးရုံဘက်ကို ခွဲပို့တယ်လို့ ဆက်ပြောပါတယ်။

ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာမှာ Myingyan District Drone Strick Team၊ မြင်းခြံခရိုင်အမှတ်-၂ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်-၄ တပ်ရင်း NPDF၊ ငါန်းဇွန်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးနဲ့ တိုက်ခဲ့တာလို့ ဆိုပါတယ်။

ယနေ့ မေလ ၉ ရက်နေ့မနက်ပိုင်းမှာတော့ မြို့သာစျေးနားဝန်ကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးချထားတယ်လို့ ဒေသခံတဦးထံက သိရပါတယ်။

ပုံစာ - ယနေ့ မေလ ၉ ရက်နေ့ နံနက်ပိုင်းက မြို့သာဈေးအနီး စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10