မြေပြင်ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာလို့ လေကြောင်းပစ်ကူရ

မြေပြင်ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာလို့ လေကြောင်းပစ်ကူရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သပြေရင်းရွာအနီးဖြစ်ပွားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကအထိနာတဲ့အတွက် လေကြောင်းပစ်ကူတာတွေပြုလုပ်ခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

သပြေရင်းရွာအနီး ညအိပ်တပ်စွဲထားတဲ့ စစ်အင်အား ၁၃၀ ခန့်ပါစစ်ကြောင်းကို  ဇူလိုင် ၁၅ ရက် ဒီနေ့မနက်အစော ၃ နာရီလောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းအထိနာတဲ့ စစ်ကောင်စီတပ်က မနက် ၇ နာရီလောက်မှာ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစီးနဲ့ တိုက်ပွဲဖြစ်ရာ အနီးတဝိုက်ကို လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

“နေရာပေါင်းစုံကနေ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သူတို့(စစ်ကောင်စီ)ကို ညှပ်တိုက်တာ။ သူတို့ဘက်က တော်တော်အထိနာသွားတယ်။ လက်နက်ကြီးထုပြီး ထွက်ဖို့ပြင်ပေမဲ့ ထွက်ဖို့အခွင့်မသာဘူး။ ထပ်ပြီးထွက်လာရင်လည်း သူတို့ဘက်က အသေအပျောက်များမယ်။ အဲ့အတွက် လေကြောင်းပစ်ကူခေါ်ပြီး  တိုက်ပွဲဖြစ်တဲ့ နေရာပတ်လည်ကို ၁၅ မိနစ်လောက်လာပစ်သွားတာ”လို့ တန့်ဆည်ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို  ပြောပါတယ်။

လေကြောင်းပစ်ခတ်မှုမှာ PDF တွေဘက်က ထိခိုက်မှုမရှိခဲ့ပေမယ့် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ်ရဒဏ်  ရာရရှိသွားတယ်လို့လည်း အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဟာ ကန့်ဘလူမြို့ထဲကနေ လာတာဖြစ်ပြီး တန့်ဆည်မြို့နယ်ထဲမှာ ရောက်ရှိနေတာ ၅ ရက်ခန့်ရှိပြီဖြစ်ကာ လက်ရှိမှာစစ်ကြောင်းဟာ ကံထူးမကျေးရွာဘက်ကို ပြန်လည်ထွက်ခွာသွားပြီလို့ သိရပါတယ်။

ဒေသတွင်း ထိတွေ့တိုက်ပွဲတွေကြောင့် သပြေရင်းကျေးရွာအပါအဝင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

 ဇူလိုင် ၁၃ ရက်ကလည်း နဒေါင်းကျရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံး၊ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ပုံစာ  - ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က စစ်ကောင်စီတပ်သုံး Mi 35 ရဟတ်ယာဉ်တစီး မုံရွာနမခမှပျံတက်လာစဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #တန့်ဆည် #စစ်ကောင်စီ #တိုက်ပွဲဖြစ်ပွား #အထိနာ #လေကြောင်းပစ်ကူ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10