မြေလတ်ဒေသက ပြည်သူတွေ မြို့သိမ်းစစ်ဘေးကို ဘယ်လိုပြေးတွေ့မလဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းမှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်အုပ်စု နှစ်ဘက်အပြန်အလှန် တိုက်ပွဲတွေ အရှိန်မြှင့်လာနေတာကြောင့် အဲ့ဒီအရပ်ဒေသက ပြည်သူတွေမှာ စိုးရမ်မှုတွေနဲ့ ရင်ဆိုင်နေကြပါတယ်။ တိုက်ပွဲတွေ ဖြစ်လာမှာကို တွေးပူရင်း လိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေကိုလည်း တနိုင်တပိုင် ထုတ်ပိုးပြီး ဘေးကင်းရာကို အချိန်မီ ထွက်ပြေးနိုင်အောင် ပြင်ဆင်ထားတယ်လို့ မကွေးတိုင်း ဆောမြို့နယ် CDM အထက်တန်းပြဆရာမ တဦးက ပြောပါတယ်၊

တော်လှန်ရေးအစပိုင်းကာလကတည်းက မကွေးတိုင်းအပါအဝင် မြေလတ်ဒေသမှာ စစ်ကောင်စီစစ်ကြောင်းတွေက တရွာဝင် တရွာထွက် မီးရှို့နေသလို ရွာသားတွေကို ဖမ်းဆီရိုက်နှက်တာတွေ ထပ်ပြီး မြင်လာရမှာကို ကြောက်နေရတယ်လို့ မကွေးတိုင်းထဲက ပေါက်မြို့နယ်က ပြည်သူအမျိုးသမီးတဦးကလည်း ပြောပါတယ်။

မကြာသေးခင်က ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က စခဲ့တဲ့ ၁၀၂၇ စစ်ဆင်‌ရေးဟာ အခုအချိန်မှာ မြေလတ်ဒေသအထိပါ တဖြည်းဖြည်းချင်း ကူးစက်လာနေပြီး စခန်းသိမ်းတိုက်ပွဲတွေဟာ နေရာအနှံ့မှာ နေ့စဉ်ဆက်တိုက်ဆိုသလို ကာကွယ်ရေးအဖွဲ့တွေ ဟန်ချက်ညီညီနဲ့ ပူးပေါင်းဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

ဒီကာလမှာ စစ်ပွဲအရှိန် အမြင့်ဆုံးကိုရောက်နေပြီဖြစ်လို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ မြင်းခြံအခြေစိုက် Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်သက်ကြီးက မြေလတ်အသံနဲ့ အင်တာဗျူးမှာ တိုက်တွန်းထားပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းထဲမှာလည်း စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ အရင်ကထက် ပြင်းထန်လာနိုင်လို့ စစ်ကိုင်းတိုင်းအခြေစိုက် သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့က စစ်ကိုင်းက ပြည်သူတွေပြည်သူလူထုကို စစ်ရေးသတိ၊ စစ်ရေအသိ နဲ့ စစ်ဘေးအန္တရာယ်တွေကို လျှော့ချနိုင်ဖို့ အသိပညာပေး ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြုလုပ်ခဲ့ပါသေးတယ်။ 

ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တစထက်တစ စစ်ရေးအရှိန်ရလာလေ တဖက်မှာလည်း အာဏာသိမ်း မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီက ပြိုလဲနေတဲ့ သူတို့စစ်အုပ်စုကို ဘယ်လိုမှ ဆက်ပြီးထိန်းချုပ်မရတော့တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေတာ ဖြစ်ပါတယ်။ 

မြေလတ်ဒေသထဲမှာတော့ ၂၀၂၃ နိုဝင်ဘာလဆန်းပိုင်းကနေ ဒီဇင်ဘာအတွင်း စစ်ကိုင်းနဲ့ မကွေးမှာ မြို့၃ မြို့နဲ့ စခန်း ၁၁ ခု စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့တဲ့စာရင်းကို မြေလတ်အသံကနေ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက ခြေကုတ်ယူထားတဲ့ စခန်းတွေကို တဖြည်းဖြည်းချင်း လက်လွှတ်လာနေရလို့ မြို့တွေပေါ်မှာ အင်အားတိုးချဲ့ထားသလို တပ်တွင်းထဲမှာလည်း ခံစစ်စခန်းအနေအထားတွေ အထူးပြင်ထားဖို့ ညွှန်ကြားထားတယ်လို့ မကြာသေးခင်ကပဲ လက်နက်ချ အလင်းဝင်လာတဲ့ ကျောက်ထုအမြောက်တပ်က CDM ဒုအရာခံဗိုလ် ကျော်စိုးလှိုင်က ရှင်းပြပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းကစလို့  စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းမှာ နှစ်ဖက် စစ်ရေးအတင်းမာဆုံး အချိန်လည်း ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားအုပ်စုက ဒီစစ်ပွဲဟာ အာဏာရှင်ကို အပြီးတိုင် အဆုံးသတ်မယ့် စစ်ပွဲလို့ ယုံကြည်ထားနေကြသလို တိုက်ပွဲခေါ်သံကို အသင့်စောင့်နေကြတာပါ။ လက်ရှိ မြို့တွေပေါ်မှာတော့ ပုံမှန်အခြေအနေ ဖြစ်နေသေးပေမယ့် မြေလတ်ဒေသ ပြည်သူတွေကတော့ တရက် တရက် ကောင်းကင်မှာ လေယာဉ်သံတွေကို ဘယ်တော့ကြားရမလဲဆိုတာကိုပဲ တွေးပူကြောက်လန့်နေကြရတယ်လို့ ဆိုကြပါတယ်။

သတင်းနှင့်တည်းဖြတ် - ငြိမ်းဇော်

 

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #ပဲခူး #မြို့သိမ်းစစ်ဘေး #စိုးရိမ်မှု #ပြည်သူ #PDF #စစ်ကောင်စီ #မြေလတ်ရုပ်သံ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10