မြေလတ်ဒေသအပါ ပြည်နယ်နဲ့တိုင်းအချို့မှာ ၃ ရက်အတွင်း မိုးကြီးရေကြီးပြီး မြေပြိုမှုတွေဖြစ်နိုင်တယ်လို့ NUG ထုတ်ပြန်

မြေလတ်ဒေသအပါ ပြည်နယ်နဲ့တိုင်းအချို့မှာ ၃ ရက်အတွင်း မိုးကြီးရေကြီးပြီး မြေပြိုမှုတွေဖြစ်နိုင်တယ်လို့ NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ အခြားပြည်နယ်နဲ့ တိုင်းတွေမှာ စက်တင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားနိုင်တယ်လို့ အမျိုးသားညီညွှတ်‌‌ရေးအစိုးရ(NUG) က စက်တင်ဘာ ၁၂ ရက် ဒီကနေ့ မွန်းလွဲပိုင်းက သတိပေးထုတ်ပြန်ထားပါတယ်။ 

စက်တင်ဘာ ၁၃ ရက်မှာ မကွေးတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းအောက်ပိုင်း၊ ရခိုင်ပြည်နယ်အလယ်ပိုင်းနဲ့ အောက်ပိုင်းတို့မှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ပါဝင်ပါတယ်။ 

ဒါ့အပြင်  စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် (ကရင်နီ)၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်ပြီး ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့ရဲ့ နေရာအချို့မှာ တနေ့တာအတွင်း မိုးရေချိန်စုစုပေါင်း ၈ လက်မကနေ ၁၀ လက်မအထိ ရွာသွန်းနိုင်ပြီး ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးကြီးခြင်းနဲ့အတူ မြို့ပြရေကြီးတာ၊ လျှပ်တပျက်ရေကြီးတာနဲ့  မြေပြိုတာတွေကို အထူးသတိထားသင့်တယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၁၄ ရက်မှာ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်နေရာအနှံ့အပြားမှာ မိုးထစ်ချုန်းရွာသွန်းပြီး နေရာကွက်ကြား မိုးကြီးနိုင်ပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ နေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီး မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးခြင်း၊ လျှပ်တစ်ပျက်ရေကြီးခြင်းနဲ့  မြေပြိုတာတွေကို အထူးသတိထားသင့်တယ်လို့ ဆိုပါတယ်။ 

အလားတူ စက်တင်ဘာ ၁၅ ရက်မှာလည်း ပဲခူးတိုင်း၊ မကွေးတိုင်းအရှေ့ခြမ်းနှင့် မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ နေရာအနှံ့အပြားရွာသွန်းနိုင်တယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ 

ဒါ့အပြင်မိုးများစွာရွာသွန်းခြင်းရဲ့ နောက်ဆက်တွဲဖြစ်တဲ့ မြေပြိုကမ်းပြိုတာ၊ ကားလမ်းရထားလမ်းတွေ ရေကျော်တာနဲ့၊ ရေကာတာနဲ့ ဆည်များရေတိုးတာ ရေပိုလွှဲကနေ ရေထုတ်လွှတ်တာတွေ ဖြစ်ပေါ် နိုင်တဲ့အတွက် မြေနိမ့်ဒေသတွေနဲ့  မိုးတွင်းကာလရေဝင်ရောက်လေ့ရှိတဲ့ နေရာဒေသတွေမှာ နေထိုင်တဲ့ ဒေသခံပြည်သူများအနေနဲ့ ရေကြီးရေလျှံမှုအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြဖို့နဲ့ လိုအပ်ပါက အချိန်မီ ရှောင်ရှားနိုင်ဖို့  အသိပေးခြင်းဖြစ်တယ်လို့ ‌ရေးသားထားပါတယ်။ 

ရေကြီးစဉ်ကာလအတွင်း ရေနဲ့ဆက်စပ်ဖြစ်ပေါ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေကိုပါ အထူးသတိထားကာ ရေကိုကြိုချက်တာနဲ့ ရေသန့်ဆေးခပ်ပြီးသောက်သုံးကြဖို့ကိုလည်း အကြံပြုထားပါသေးတယ်။

အလားတူ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကလည်း  ဒီနေ့မနက်ကနေ လာမယ့် စက်တင်ဘာ ၁၅ ရက်အတွင်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာလည်း  နေရာအနှံ့အပြားမိုးကြီးနိုင်သလို  စစ်ကိုင်းတိုင်းအထက်ပိုင်း ပဲခူးတိုင်းအပြင် အခြားပြည်နယ်နဲ့ တိုင်းအချို့မှာ နေရာအနှံ့အပြားနဲ့ နေရာစိပ်စိပ်မိုးရွာပြီး နေရာကွက်မိုးကြီးနိုင်သလို မိုးသက်လေပြင်းတွေလည်း တိုက်ခိုက်နိုင်တယ်လို့ စက်တင်ဘာ ၁၂ ရက် ဒီကနေ့ မနက်ပိုင်းက ဖော်ပြထားပါတယ်။

လက်ရှိမှာလည်း မြေလတ်ဒေသအတွင်းရှိ ပဲခူးတိုင်းထဲက ပဲခူးနဲ့ တောင်ငူခရိုင်ထဲကမြို့နယ်တွေ မကွေးတိုင်းထဲက ပေါက်မြို့နယ်တို့မှာ ယောချောင်းရေတက်ကာ ရေကြီးနစ်မြုပ်နေတဲ့အပြင် မကွေးတိုင်းနဲ့ ဆက်စပ်နေတဲ့ မန္တလေးတိုင်းထဲက ရမည်းသင်းနဲ့  ဝမ်းတွင်းမြို့နယ်တို့မှာလည်း  ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပုံစာ - NUG မှာ ထုတ်ပြန်သော စက်တင်ဘာ ၁၅ ရက်အတွက် မိုးရေချိန်ခန့်မှန်းချက်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #ပဲခူး #မိုးလေဝသ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10