မြောက်ခင်ရန်းရွာ ပျူစောထီးတွေက အိမ် ၃၀၀ ကျော်ကိုမီးရှို့ပြီး အဘိုးအို ၂ ဦးကို သတ်သွား

မြောက်ခင်ရန်းရွာ ပျူစောထီးတွေက အိမ် ၃၀၀ ကျော်ကိုမီးရှို့ပြီး အဘိုးအို ၂ ဦးကို သတ်သွား

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ ကလေးမြို့နယ်တောင်ပိုင်းက ပျူစောထီးတွေပူးပေါင်းပြီး ရေသာရွာနဲ့ ရွှေဘိုရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားသလို ကျန်းမာရေးမကောင်းတဲ့အမျိုးသာ ၂ ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီမှ သိရပါတယ်။

မေ ၁၆ ရက် မနေ့က မနက် ၅  နာရီဝန်းကျင်လောက်မှာ လက်နက်တွေ ပစ်ဖောက်ပြီ  အင်အား ၂၀၀ ဝန်းကျင် နဲ့ ထွက်လာတဲ့ ပျူစောထီး နဲ့  စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဟာ ရေသာရွာနားကိုရောက်လာချိန်  ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၃ နာရီနည်းပါးကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ 

“အပြန်အလှန် ပစ်ခတ်မှုမှာ ကျနော်တို့ဘက်က ရဲဘော် ၂ ဦးဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ သူတို့ (စစ်ကောင်စီ)ဘက်ကတော့ အတွင်းသတင်းအရ ဒဏ်ရာရတဲ့လူတွေလား၊ သေသလား၊ ရှင်သလားမသိတဲ့ လူတွေကို သယ်လာတယ်လို့တော့ ကျနော်တို့သိရတယ်” လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ရေသာရွာ နဲ့ ရွှေဘိုရွာထဲကိုဝင်ရောက်သွားပြီး အဲဒီရွာ ၂ ရွာက နေအိမ် ၃၀၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးသွားသလို လေဖြတ်နေလို့ မထွက်ပြေးနိုင်တဲ့ အသက် ၈၀ ကျော်အဖိုးတဦးနဲ့ အသက် ၉၀ ဝန်းကျင်အရွယ်အဖိုး ၂ ဦးတို့ကိုလည်း သတ်ဖြတ်သွားတယ်လို့ အထက်အပါ ပကဖတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

“သူတို့ (စစ်ကောင်စီ) မနက်အစောကြီးဝင်လာတော့ ပြည်သူတွေလည်း ထွက်ပြေးရတာပေါ့။ ရုတ်တရက် ရှောင်တခင်ပြေးရတော့ ကျန်းမာရေးမကောင်းတဲ့ သူတွေကိုလည်း သယ်လို့မရတော့ ချန်ခဲ့ရတယ်။ အဲလူတွေ အသတ်ခံလိုက်ရတယ်။ ကျနော်တို့လည်း အခုချိန်ထိ နယ်မြေရှင်းလင်းရေးလုပ်နေတုန်းပါ ” လို့ သူက ဆိုပါတယ်။

အသတ်ခံလိုက်ရတဲ့ပြည်သူ ၂ ဦးထဲမှ ၁ ဦးကိုတော့ သူ့ရဲ့ငယ်ပါကိုပါ ဖြတ်သွားတယ်လို့လည်းသိရပါတယ်။ 

ရေသာရွာဟာ ရွှေဘိုရွာရဲ့ ရွာသစ်တခုဖြစ်ပြီး လယ်ကွင်းတကွင်းသာခြားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့ဟာ အဆိုပါကျေးရွာကနေအိမ်တွေကို မီးရှို့ပြီး ည ၇ နာရီကျော်မှာ ကျေရွာထဲကနေ ပြန်လည်ထွက်ခွာသွားချိန် ကိုရင် ၄ ပါး နဲ့ မယ်တော်ကြီး ၁ ပါးကိုလည်း မြောက်ခင်ရန်းရွာထဲကို ခေါ်ဆောင်သွားပြီး ဒီနေ့မနက်မှာတော့ ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

အခုလက်ရှိအချိန်ထိလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကျေးရွာထဲကို ပြန်လည်နေထိုင်တာမျိုးမရှိသေးဘူးလို့သိရပါတယ်။

ရွှေဘိုရွာဟာ အခုလိုမီးရှို့ခံရတာဟာ တတိယအကြိမ်ရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ မှာ တကြိမ် ၊ ၂၀၂၄ ဖေဖော်ဝါရီမှာ တကြိမ်၊ မတ် ၁၆ ရက်မှာ တကြိမ် မီးရှို့ခံရတာဖြစ်ပါတယ်။ ဒါအပြင် ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ရွှေဘိုရွာက အမျိုးသား ၃ ဦးကို မြောက်ခင်ရန်းရွာက ပျူစောထီးတွေက သတ်ဖြတ်သွားပါသေးတယ်။

ပုံစာ - မီးရှို့ခံရသည့် ရေသာရွာနှင့် ရွှေဘိုရွာ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါမြို့နယ် #မြောက်ခင်ရန်း #ပျူစောထီး #ရေသာရွာ #ရွှေဘိုရွာ #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10