မြောက်ခင်ရန်းရွာမှာ လူငယ် ၂ ဦး မီးရှို့အသတ်ခံရမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပေးဖို့  မြန်မာစစ်တပ်ကို IIMM တောင်း

မြောက်ခင်ရန်းရွာမှာ လူငယ် ၂ ဦး မီးရှို့အသတ်ခံရမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပေးဖို့  မြန်မာစစ်တပ်ကို IIMM တောင်း

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှာ မီးရှို့အသတ်ခံရတဲ့ လူငယ် ၂ ဦးအမှုနဲ့ ပတ်သက်လို့ အချက်အလက်တွေပေးဖို့  မြန်မာစစ်တပ်ကို မေ ၂၇ ရက်မှာ တောင်းခံလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM က သတင်းထုတ်ပြန်ပါတယ်။

 

အဲဒီလူငယ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သတ်တဲ့  ကျူးလွန်သူတွေနဲ့ ဆက်စပ်အဖွဲ့အစည်းတွေအပါအဝင် အချက်အလက်တွေကို IIMM က ဘက်မလိုက်ဘဲ စစ်ဆေးသုံးသပ်နေပြီး အဲဒီဒေသက စစ်ကောင်စီတပ်တွေနဲ့ တပ်ရင်းမှူးတွေရဲ့ အချက်အလက်တွေ၊ အဲဒီလူငယ် ၂ ဦးကို ဖမ်းခဲ့ပုံနဲ့ ဆက်ဆံပုံတွေ၊ ဗီဒီယိုမှာတွေ့ရတဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သတ်တဲ့သူတွေရဲ့ အချက်အလက်တွေပေးဖို့ မြန်မာစစ်တပ်ကို တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

“ကြီးလေးတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်ပေးပို့ဖို့ မြန်မာစစ်တပ်ထံ အကြိမ်ကြိမ်တောင်းခဲ့ပါတယ်။ ဒီထဲမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ ရာဇဝတ်မှုတွေပါဝင်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်က ဒီနေ့အထိ တစုံတရာ တုံ့ပြန်ခြင်းမရှိသေးပါ။ ဒါကြောင့် IIMM အနေနဲ့ (မြောက်ခင်ရန်းရွာမှာ  လူငယ် ၂ ဦး မီးရှို့အသတ်ခံရမှုနဲ့ ပတ်သက်လို့) တောင်းခံမှုအသစ်ထပ်ပေးပို့ခဲ့ကြောင်း ထုတ်ပြန်တာကြောင့် မြန်မာစစ်တပ်ဘက်က တုံ့ပြန်ဖို့မျှော်လင့်တယ်။” လို့ IIMM  အကြီးအကဲ Nicholas Koumjian က ဆိုပါတယ်။ 

စစ်အာဏာရှင် ဆန့်ကျင်ရေးအဖွဲ့ တခုဖြစ်တဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် အသက် ၂၀ ကျော်အရွယ် ဖိုးတေနဲ့ သားထောင်လို့ မီဒီယာတွေက ဖော်ပြထားတဲ့ အဲဒီလူငယ် ၂ ဦးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ ၂၀၂၄ ဖေဖော်ဝါရီလ အစောပိုင်းမှာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့  IIMM က ထုတ်ပြန်ပါတယ်။ 

ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဟာ ၂၀၂၃ နိုဝင်ဘာ ၇ ရက်မှာ  မြောက်ခင်ရန်းရွာက စစ်ကောင်စီတပ်တွေကို သွားရောက်တိုက်ခိုက်စဉ် တပ်ဖွဲ့ဝင် သားထောင်နဲ့ ဖိုးတေတို့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်ထဲ  ကျရောက်သွားတာလို့ မြေလတ်အသံသတင်းဌာနက သိထားရပါတယ်။  

မြောက်ခင်ရန်းရွာဟာ မြန်မာစစ်တပ်က အငြိမ်းစားအရာရှိ ကြံ့ခိုင်ရေးပါတီဝင် ဂန့်ဂေါနယ် အမတ်ဟောင်း ဘူးလက်လှဆွေရဲ့ ဇာတိရွာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကို ထောက်ခံအားပေးတဲ့ လက်နက်ကိုင်ပျူစောထီးအဖွဲ့ဝင်တွေ အားကောင်းရာအရပ် ဖြစ်ပါတယ်။ 

ပုံစာ - လူမှုကွန်ရက်မှာ ပျံ့နှံလာတဲ့ ဗီဒီယိုဖိုင်ပါ  သားထောင်နဲ့ ဖိုးတေ မီးရှို့အသတ်မခံရမီ မြန်မာစစ်တပ်ယူနီဖောင်းဝတ်လူနဲ့ အပေါင်းအပါတွေက သူတို့  ၂ ဦးအား ဖမ်းပြီး နှိပ်စက်နေစဉ်

#မြေလတ်အသံ

#ဖိုးတေ #သားထောင် #မြောက်ခင်ရန်း #YDF #ရဲဘော် #မီးရှို့သတ်ခံရ #IIMM #မကွေး #ဂန့်ဂေါ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10