မြောက်ခင်ရန်းရွာ ပျူစောထီးနဲ့စစ်ကောင်စီတပ်တွေက လူစုလိုက်အပြုံလိုက်သတ်ပြီး နေအိမ်တွေကိုပါမီးရှို့ခဲ့

မြောက်ခင်ရန်းရွာ ပျူစောထီးနဲ့စစ်ကောင်စီတပ်တွေက လူစုလိုက်အပြုံလိုက်သတ်ပြီး နေအိမ်တွေကိုပါမီးရှို့ခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာက ပျူစောထီးတွေဟာ ဒေသခံ ၇ ဦးကိုသတ်ပြီး နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဆီက သိရပါတယ်။ 

ဖေဖော်ဝါရီ ၁၄ ရက် မနေ့က မနက် ၅ နာရီကျော်လောက်မှာ မြောက်ခင်ရန်းရွာနေ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားအင်အား ၂၀ ကျော်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး အဲ့ဒီရွာနဲ့ တမိုင်လောက်ဝေးတဲ့ သင်တောရွာထဲကို လက်နက်တွေ ပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့ပါတယ်။

အဲ့ဒီနောက် သင်တောရွာဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ပြည်သူတချို့နဲ့ ကောက်ပဲသီးနှံတွေကို ရိတ်ဖို့သွားတဲ့ အမျိုးသား ၇ ဦးကို ဖမ်းဆီးသွားပြီး အဲဒီထဲက အမျိုးသား ၇ ဦးကိုတော့ သင်တောရွာတောင်ဘက်ရှိ ဘုရားကုန်းမှာ သတ်ခဲ့တယ်လို့ဆိုပါတယ်။

“ဖမ်းဆီးခံရတဲ့ထဲမှာ အမျိူးသမီးတွေလည်းပါတယ်။ အမျိုးသမီးတွေကိုတော့ သူတို့ဖမ်းသွားတယ်။ ကျနော်တို့ကြားတာတော့ အမျိုးသမီး ၁၀ ယောက်လောက်ရှိတယ်။ အမျိုးသားတွေကိုတော့ ဦးခေါင်းကို ပစ်သတ်သွားသလို ဓားတွေနဲ့လည်း ခုတ်သတ်သွားတယ်” လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ဖွဲ့ဝင်တဦးက ပြောပါတယ်။

သင်တောရွာက အသတ်ခံလိုက်ရသူတွေဟာ ဦးဘိုသန်း ၅၆ နှစ်၊ ဦးပြူးသာ ၅၆ နှစ်၊ ဦးတင့်လွင် ၃၆ နှစ်၊ ဦးမောင်ပု ၃၃ နှစ်၊ ဦးမောင်နိုင် ၃၆ နှစ်၊ ဦးကျော်မိုးလွင် ၂၆ နှစ်၊ ဦးဌေးအောင် ၅၂ နှစ်တို့ ဖြစ်ပါတယ်။

အဆိုပါအမျိုးသား ၇ ဦးကိုသတ်ပြီးနောက် သင်တောရွာက နေအိမ် အလုံး ၂၀ ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကောင်စီအဖွဲ့ဟာ သင်တောရွာကနေတဆင့် ရွှေဘိုရွာထဲကို ဝင်ရောက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၂ နာရီနီးပါး ဖြစ်ခဲ့ပါတယ်။ 

အဲ့ဒီနောက် ရွှေဘိုရွာထဲကို ပစ်ခတ်ဝင်ရောက်လာတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ရွာသား မောင်တိုးလွင် ၂၅ နှစ်နဲ့ ကံတိုးရွာက ကိုဇော်လင်းအောင် ၃၅ နှစ်တို့  ၂ ဦးလည်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါသေးတယ်။  

“ကိုမောင်တိုးလွင်က သူ့ရဲ့ပေါင်ကိုထိပြီး ထွက်ပြေးတယ်။ ထွက်ပြေးတာကို စစ်**တွေက လိုက်ပစ်တယ်။ ခေါင်းတည့်တည့်ကို ပစ်သတ်သွားတာ” လို့အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီအဖွဲ့ဟာ ရွှေဘိုရွာက နေအိမ် ၆ လုံးကိုမီးရှို့ပြီး ညနေ ၅ နာရီကျော်လောက်မှ မြောက်ခင်ရန်းကျေးရွာထဲကို ပြန်ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။ 

အခုလို ပျုစောထီးတွေ နဲ့ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးနေတဲ့အတွက် သင်တောရွာနဲ့ ရွှေဘိုရွာက ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ၁ ပတ်လောက်ရှိပြီလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကလည်း မြောက်ခင်ရန်းရွာက ပျူစောထီးတွေဟာ တော်လှန်ရေး အင်အားစုတွေဘက်ကို ဘက်ပြောင်းဖို့ ပြောခဲ့တဲ့ ဟံသာဝတီရွာက ဆရာတော် ဥူးပညာဝရကို ဓါးနဲ့ခုတ်သတ်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #မြောက်ခင်ရန်း #ပျူစောထီး #စစ်တပ် #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10